ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ ဇွန် ၉ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်က ရာအိမ်မှူး မောင်မောင်ဆိုသူဟာ ရပ်ကွက်ရုံးမှာ နိုင်ငံတော်အလံထောင်ပြီး ပြန်လာစဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
"မောင်မောင်က ရာအိမ်မှူးလည်းလုပ်တယ်၊ ရုံးအကူစာရေးလည်းလုပ်တယ်။ မနက်က ရပ်ကွက်ရုံးမှာ အလံသွားထောင်ပြီး အပြန် လက်ဖက်ရည်သောက်ရင်း သေနတ်နဲ့ပစ်သွားတာ။ ဘယ်သူပစ်သွားတာလဲတော့ မသိရဘူး” လို့ ၁၀၆ ရပ်ကွက်မှာနေတဲ့ အမျိုးသားတဦးက ပြောပါတယ်။
အမည်မသိသေနတ်သမားက သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တာကြောင့် ရာအိမ်မှူးမောင်မောင်ဟာ ခေါင်း၊ ရင်ဘတ်၊ လက်၊ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ လှိုင်သာယာမြို့နယ် အမှတ် ၂၀ ရပ်ကွက် ရာအိမ်မှူး ဝင်းဇော် ဆိုသူကို အမည်မသိ သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၇ နာရီခွဲလောက်က ရပ်ကွက်ရုံးနားမှာရှိတဲ့ ဝေပုလ္လ ၂ လမ်းမှာ အပစ်ခံရတာ။ သုံးချက်ပစ်သွားတယ်။ ဝမ်းဗိုက်ထိထားတာဆိုတော့ အခြေအနေ စိုးရိမ်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့အပစ်ခံရတဲ့ ဝင်းဇော်ဆိုသူဟာ ဈေးဝယ်ထွက်ရင်း သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး သေနတ်ဒဏ်ရာကို လှိုင်သာယာဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။