မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်က တိုင်းဒေသကြီးအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးရဲ့ နေအိမ်နဲ့ ဒုမြို့နယ်ပညာရေးမှူးရဲ့ နေအိမ်တွေကို စစ်တပ်နဲ့ ရဲတွေ၊ ပျူတွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။
မတ္တရာမြို့ပေါ်က အဆိုပါနေအိမ်တွေမှာ လူနေထိုင်တာမရှိဘဲ သော့ပိတ်ထားတာဖြစ်ပြီး ဇွန် ၈ ရက် မွန်းလွဲနှစ်နာရီလောက်က လာရောက်ချိပ်ပိတ်ကာ ဒုပညာရေးမှူးရဲ့ နေအိမ်က အိမ်သုံးပရိဘောဂပစ္စည်း တချို့ကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ သိရပါတယ်။
ချိပ်တ်ခံရတာနဲ့ ပတ်သက်ပြီး CDM ပြုလုပ်ထားတဲ့ ဒုမြို့နယ်ပညာရေးမှူးက “ကျနော်တို့ကတော့ ဒါ စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ကိုယ်တိုင်လည်း CDM လုပ်ပြီးတော့ စစ်အာဏာရှင်ကို တွန်းလှန်နေတာပေါ့နော်။ တော်လှန်နေတာဆိုတော့၊ နောက်ပိုင်းမှာ ဒီလိုအကျိုးဆက်တွေ ရှိလာမယ်၊ ဖြစ်လာမယ်ဆိုတာလည်း ကျနော်တို့က ကြိုတင်မှန်းပြီးသားပါ။ မှန်းပြီးသားပါဆိုတော့ သိပ်ခံစားချက်မရှိဘူး။ အချိန်တန်ရင် ပြည်သူ့အစိုးရတက်လာရင် ဒါတွေက ပြီးသွားမှာပါ” လို့ ပြောပါတယ်။
အဆိုပါနေအိမ်တွေမှာ လူနေထိုင်တာမရှိတဲ့အတွက် ခြံဝန်းကိုကျော်တက်ပြီး တံခါးတွေဖျက်ဆီးကာ လုပ်ဆောင်သွားတာလို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်ရဲ့ မိဘတွေနေထိုင်တဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ပြီး ဦးဇော်မင်းလွင် ပိုင်ဆိုင်တဲ့ပစ္စည်း မရှိတာကြောင့် သိမ်းဆည်းတာတော့ မလုပ်သွားဘူးလို့ သိရပါတယ်။