ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို ဇွန် ၈ ရက် မနက် ၁၀ နာရီလောက်က ပစ်ခတ်ခဲ့တဲ့ စွန်ရဲနီအဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတယ်လို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဧရာနဂါးညီနောင်အဖွဲ့မှ ဗိုလ်ဧရာနဂါးက ဒီီဗွီဘီကို ပြောပါတယ်။
"စစ်တပ်သတင်းပေးဒလန် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းကို ဧည့်စာရင်းတိုင်မယ်ဆိုပြီး ပစ်ခဲ့တယ်။ ကျနော်တို့တွေ လမ်းခွဲသွားကြတယ်။ အခု ကျဆုံးခဲ့တဲ့ ကလေးတွေက ဆိုင်ကယ်ချိန်းကြိုး ပြတ်သွားတယ်။ သူနဲ့ ၁ နာရီလောက်အထိ ချိတ်ဆက်ရသေးတယ်။ ညနေ ၃ နာရီကျော်မှာ စစ်(--)နဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ။"
ပစ်သတ်ခံရတဲ့ စွန်ရဲနီအဖွဲ့ဝင်တွေရဲ့အလောင်းကို အကြမ်းဖက်စစ်တပ်က ယူဆောင်သွားပြီး ဇွန် ၈ ရက် ညနေက သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ထူးကြီးမြို့၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းဟာ စစ်တပ်သတင်းပေးပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ၃ ချက်ပစ်ခံရသူ အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းအား ထူးကြီးဆေးရုံမှ ဟင်္သာတဆေးရုံပို့ဆောင်ကုသထားပါတယ်။
အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရှိ စစ်ကောင်စီလက်အောက်ခံ တိုင်းဗဟို-၅ ကို ဧရာနဂါးညီနောင်အဖွဲ့က ဒွပ်ဒေါင်းမင်းစစ်ဆင်ရေးအဖြစ် ဇွန် ၂ ရက် ည ၈ နာရီကျော်လောက်က ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။