မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ)ကို ဇွန်လ ၈ ရက်က ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေထံက သိရပါတယ်။
ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်က သူ့နေအိမ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က) နဲ့ တရားစွဲဆိုခံထားရတာပါ။
ကိုဇော်ဇော်ရဲ့ ရှေ့နေက “နန်းတွင်းစစ်ကြောရေးမှာကြာနေတာ။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဒီနေ့ ရှေ့နေပါဝါတင်တဲ့ လုပ်ငန်းစဉ်လုပ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော်(ဒိုင်ယာနာ)ကို နန်းတွင်းစစ်ကြောရေးမှာ တလကျော်ကြာ စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကိုပို့ခဲ့ကာ မေ ၆ ရက်က တရားရုံးစွဲတင်စစ်ဆေးတာလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ခဲ့ပြီး ဒီထဲက အယောက် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ကာ သတင်းသမား ၃ ယောက်ကတော့ စစ်မြေပြင်နဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ရပါတယ်။
လတ်တလောအချိန်အထိ သတင်းသမား ၅၇ ယောက်အထိ စစ်ကောင်စီက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေက တနိုင်ငံဖြစ်တယ်လို့လည်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က RSF က ကြေညာထားပါတယ်။