မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇွန် ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒေသကာကွယ်ရေး ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး PDF ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ MC-KC PDF ရဲ့တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့က မွန်းလွဲ ၂ နာရီခွဲလောက်က မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF နဲ့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေသွားတဲ့အပြင် MA2 သေနတ်တလက်၊ ကျည်ဆန် ၄၈ တောင့်နဲ့ ကျည်အိမ်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့တပ်စွဲထားတဲ့နေရာကို ၁၅ ယောက်လောက်ပဲ ရှိမယ်လို့ထင်ပြီး သွားတိုက်တာ။ အယောက် ၃၀ ကျော်လောက်နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်။ ကျဆုံးခဲ့တဲ့ရဲဘော်က NSP တပ်ဖွဲ့က ရဲ CDM ဗျ။ တိုက်ပွဲဖြစ်ပွားချိန် နည်းနည်းကြာသွားတော့ သူတို့ဘက်က စစ်ကူတွေလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”
မနေ့က တန့်ကြည့်တောင်ဘုရားကိုသွားတဲ့လမ်းမှာ ဘုရားဖူးကားတစီး ပစ်ခတ်ခံရပြီး အမျိုးသားတယောက် သေဆုံးခဲ့တဲ့ကိစ္စဟာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့လည်း ပြောပါတယ်။
“အဲဒီကား ပစ်ခတ်ခံရတဲ့နေရာဟာ စစ်(...)တွေနဲ့ ပျူ(...)စိုးမိုးထားတဲ့နယ်မြေမှာ အပစ်ခံရတာဗျ။ ဘုရားပေါ်မှာ စစ်(...)တွေမရှိတဲ့အချိန် ကျနော်တို့တပ်ဖွဲ့ဝင်တွေ ဘုရားတက်ဖူးတဲ့ CCTV မှတ်တမ်းတွေကိုယူပြီး အွန်လိုင်းကနေ ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်။ ကျနော်တို့ PDF တပ်ဖွဲ့အနေနဲ့ ပြည်သူလူထုသတ်ဖြတ်တာမျိုး အခုလည်း မကျူးလွန်သလို နောင်လည်း ဘယ်တော့မှ ကျူးလွန်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။
မြစ်ခြေ-စဘေ လမ်းပိုင်းမှာလည်း မေ ၂၈ ရက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို MC-KC PDF က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။