မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ ဇွန် ၆ ရက် မနက်က ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့တယ်လို့ PRA-မကွေးက ဇွန် ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
စေတုတ္တရာမြို့နယ် ဒုံချောင်းရွာနဲ့ ထန်းကိုင်းရွာကြား ငဖဲ-စေတုတ္တရာကားလမ်းမှာ ဆိုင်ကယ် ၁၀ စီးနဲ့ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်တွေကို PRA-မကွေးနဲ့ စေတုတ္တရာ-PDF တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PRA-မကွေးရဲ့ တာဝန်ခံ ဗိုလ်ဟာဂျူလီက ပြောပါတယ်။
“မိုင်းကတော့ ၇ လုံးလောက် ထောင်ထားခဲ့တာဗျ။ ဂျန်းဖြစ်ပြီးတော့ တလုံးပဲကွဲတယ်။ မပေါက်ကွဲတဲ့ မိုင်းတွေကိုတော့ စစ်(...)တွေ ဖြုတ်သိမ်းသွားတယ်။ အဲဒီ မိုင်းပေါက်ကွဲတဲ့နေရာမှာပဲ စစ်ကောင်စီတပ်သားတယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေဆီက သိရတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။”
စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းရွာနားမှာလည်း ဧပြီ ၂၇ ရက်က ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကကထုတ်) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းရဲ့ ခရီးစဥ်ကို ကြိုဆိုတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာလည်း ဇွန် ၅ ရက်ညနေပိုင်းက ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဂန့်ဂေါမြို့သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို ပုလဲ-ဂန့်ဂေါလမ်းမပေါ် မဲရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
YPDF တပ်ဖွဲ့ဝင် တယောက်က "အဲဒီ စစ်ကောင်စီယာဉ်တန်းကို ရှေ့ထွက်မိုင်း လေးလုံးမိုင်းဆွဲခဲ့ရာ မိုင်း နှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကား တစီးထိခိုက်ပျက်စီးကာ ကားပေါ်ပါ စစ်ကောင်စီတပ်သား ငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူး။ကျနော်တို့ ပူးပေါင်း တပ်ဖွဲ့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူး။ ကားပေါ်ကနေ အော်ဟစ်ငြီးညူသံတွေကြားခဲ့ရသလို မိုင်းကွဲပြီး သေနတ်နဲ့ ရမ်းပစ်ခတ်တာ ရှိခဲ့တယ်။"လို့ ပြာပါတယ်
စစ်ကောင်စီယာဉ်တန်းဟာ ဇွန် ၅ ရက်က ဂန့်ဂေါမြို့သို့ ဝင်ရောက်လာပြီး ဇွန် ၆ ရက်မှာတော့ လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်ပြန်သွားတယ်လို့ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းလာရာ လမ်းတလျှောက်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံတွေကို ဖမ်းဆီးသတ်တာတွေပြုလုပ်နေပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို့၊ စစ်ကြောင်းလာရင် ဘေးလွတ်ရာ ရှောင်ရှားကြဖို့နဲ့ နီးစပ်ရာ ကာကွယ်ရေးအဖွဲ့တွေရဲ့ သတိပေးချက်များကို လိုက်နာကြဖို့ကိုလည်း YPDFက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတယောက် သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။