ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို စစ်ကောင်စီတပ်သားတွေက ဇွန် ၄ ရက်က ဖမ်းဆီးသွားပြီး နောက်တနေ့ ဇွန် ၅ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးကပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို NUG ၊ PDF အဖွဲ့တွေ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တာရှိလာမေးမြန်းကာ ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ်။
မြောင်းမြဒေသခံတဦးက “မြို့ပေါ်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လာဖမ်းသွားတာ စဖမ်းကတည်းကထင်ပါတယ်။ တစ်ခုခုတော့ လွဲနေတယ်လို့။ အဖမ်းခံရစရာအကြောင်းကိုမရှိတာ။ ခံဝန်ထိုးပြီး အေးဆေးနေနေတာ မြို့ပေါ်မှာ ဟိုသွားလိုက် ဒီသွားလိုက် သူတို့မိသားစုတွေပဲ ပျော်နေကြတာ”လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းနဲ့ လွှတ်တော်အမတ် ဒေါ်ခိုင်ဇင်ဦးတို့ဟာ ခံဝန်လက်မှတ်ထိုးပြီး မြို့မှာ အေးဆေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံ ခံဝန်ထိုးကာ နိုင်ငံရေးပင်စင်ထုတ်နေတဲ့ အန်အယ်လ်ဒီ အမတ်အနည်းဆုံး ၁၈ ဦးထိရှိတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။