မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆီဝယ်ယူဖို့ အခက်အခဲ ရှိနေတာကြောင့် ယာဉ်လိုင်း ပြေးဆွဲမှု အပြီးရပ်နားရမယ့် အခြေအနေနဲ့ ထပ်မံကြုံတွေ့လာရပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၇၃ လိုင်း ရှိနေတာပါ။ ဒါပေမဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာ၊ ဆီဝယ်ယူဖို့ အခက်အခဲ ရှိနေတာကြောင့် ရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။
အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ခရီးသည် ရရှိမှုနည်းပါးလာတာ၊ ကုန်ပစ္စည်း ရရှိမှု သိသိသာသာ ကျဆင်းလာတာ၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူခံနေရတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အဝေးပြေးယာဉ်လိုင်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို စစ်ကောင်စီအနေနဲ့ လာမယ့် တလအတွင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်တာ မရှိရင် ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားလာနိုင်တယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တဦးက ပြောပါတယ်။
အဝေးပြေးယာဉ်လိုင်းတွေမှာ အဓိက အသုံးပြုနေတဲ့ ဒီဇယ်ဆီဈေးနှုန်းဟာ အခုဇွန်လ ပထမအပတ်အတွင်း တလီတာကို ကျပ် ၂၆၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စက်သုံးဆီဆိုင်တချို့မှာ ဆီအမျိုးအစား ပေါ်မူတည်ပြီး ပြတ်တောက်မှု ဖြစ်ပေါ်နေသလို တချို့ စက်သုံးဆီဆိုင်တွေမှာ ရောင်းချဖို့ ဆီလက်ကျန် မရှိတော့တဲ့အတွက် အရောင်းပိတ်ထားကြတာပါ။
အဝေးပြေးယာဉ်လိုင်း တာဝန်ခံ တဦးကတော့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိရင် ယာဉ်လိုင်း ပြေးဆွဲမှု ရပ်နားတော့မယ်လို့ ပြောပါတယ်။
အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ အဝေးပြေးယာဉ်လိုင်းဟာ အခုအခါမှာတော့ ကားအစီးအရေ အကန့်အသတ်နဲ့ ပြေးဆွဲလာကြတာသလို တချို့ယာဉ်လိုင်းတွေကတော့ ပိတ်သိမ်းဖို့ထိ စဉ်းစားလာကြတာပါ။
အဝေးပြေးယာဉ်လိုင်းတွေ ကားအစီးရေ အကန့်အသတ်နဲ့ ပြေးဆွဲလာတာကြောင့် ယာဉ်လိုင်းလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ထောင်နဲ့ချီပြီး မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်လာရပါတယ်။