Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ပျူစောထီးကားနှင့် ဆိုင်ကယ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 5, 2022
504787-Pauk-730x365

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဇွန်လ ၄ ရက်က စစ်ကောင်စီရဲ့ လက်ပါးစေပျူစောထီး ကားတစီးနဲ့ ဆိုင်ကယ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ကနေသိရပါတယ်။

ပေါက်-သီးခြောက်လမ်းပိုင်းရှိ ရွာသာအေးရွာနဲ့ သီးခြောက်ရွာအကြားမှာ SPGFတပ်ခွဲ(၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ SPGF တပ်ခွဲ(၁)ရဲ့ တပ်ခွဲမှူး ဗိုလ်ပေသီးကပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ကားတစ်စီးလဲသွားပြီး ဆိုင်ကယ် ၃ စီးမြောက်တက်သွားတာ မြင်လိုက်ရတယ်။ အဲဒီနောက် ကျနော်တို့ရဲဘော်တွေအထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။ သတင်းစုံစမ်းလိုက်တော့ သစ်ချိုကုန်းရွာက ပျူစောထီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ရှစ်ယောက်ဒဏ်ရာရှိသွားတယ်”လို့ပြောပါတယ်။

ပျူစောထီးအဖွဲ့တွေဟာ ဝန်ခြုံးရွာကို ခြေကုပ်ယူပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေနဲ့ ပူးပေါင်းကာ  ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ၊ စစ်ဘေးရှောင်စခန်းတွေကို မီးရှို့တာတွေ၊ ပြည်သူတွေရဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ခိုးယူတာတွေအပြင်  အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေကြတာလို့ တပ်ခွဲမှူးကပြောပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေက  တရွာဝင် တရွာထွက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၁၀၀ ကျော်လောက်မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လောက် ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့  လက်ရှိကာလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်ပစ္စည်းတွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024