ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ဇွန်လ ၅ ရက် မနက်အစောပိုင်းက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်ဟာ ဒီမနက် ၆ နာရီလောက် လက်ဖက်ရည်သောက်ဖို့ သွားချိန်မှာ အောင်မေတ္တာ ၅ လမ်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်မြို့နယ် အမှတ် ၁ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက "အရင်အုပ်ချုပ်ရေးမှူးက မလုပ်တော့တာနဲ့ ကိုဖိုးကျော်ကို စစ်တပ်က ယာယီအုပ်ချုပ်ရေးမှူးခန့်ထားတာ။ မနက် ၆နာရီလောက် အောင်မေတ္တာ ၅ လမ်းထဲမှာ လမ်းလျှောက်နေတုန်း သေနတ်နဲ့ ၄ ချက်လောက်ရှိတယ် ပစ်သွားတာ အဲ့နေရာမှာပဲ သေသွားတယ်"လို့ ပြောပါတယ်။
တခြားဒေသခံတဦးကလည်း “မနက်အစောပိုင်းဆိုတော့ မသိလိုက်ဘူး။ သေသွားတာတော့ ဟုတ်တယ်။ ဆေးရုံကားနဲ့လာခေါ်သွားပြီ၊ စစ်တပ်က နေ့လယ်အထိ ပိတ်ဆို့ရှာဖွေတာတွေ လုပ်သွားတယ်။ ခုတော့ ပြန်သွားပြီ”လို့ ပြောပါတယ်။
အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်ကို အမည်မသိသေနတ်သမားက သေနတ်နဲ့ ၄ ချက် အနီးကပ်ပစ်ခတ်သွားတာကြောင့် နားထင်၊ လည်ပင်း၊ ဝမ်းဗိုက် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တာပါ။
သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ ဒီနေ့ နေ့လယ်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အုပ်ချုပ်ရေးမှူးသေနတ်နဲ့ အပစ်ခံရအပြီးမှာ စစ်ကောင်စီတပ်က အခင်းဖြစ်ပွားရာအနီး ယာဉ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းနေပါတယ်။
လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်ကလည်း အရပ်ဝတ်နဲ့ ဈေးဝယ်နေတဲ့ စစ်သားသုံးယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ နှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ ပါတယ်။