Home
မြန်မာသတင်း
မိုင်းလားအဖွဲ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ တို့တာဝန်အရေး ၃ ပါး လိုက်နာနေဟု ပြော
DVB
·
June 4, 2022
285848814_10159736670867305_4782475713081695162_n
285770916_10159736670882305_6285623118790793899_n
284491916_10159736670997305_6924382755448904790_n
284128408_10159736670907305_4150014161379914893_n
285848814_10159736670867305_4782475713081695162_n

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)  ဒု ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့ဟာ  ဇွန် ၄ ရက် ဒီနေ့မနက် နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာနေကြောင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်း ထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

တွေ့ဆုံရာမှာ လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်နေချိန် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စတွေကို  စစ်ခေါင်းဆောင်က ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

NDAA(မိုင်းလား)အဖွဲ့ ဒုဥက္ကဋ္ဌနဲ့အဖွဲ့ကလည်း ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးပြန်လည် ဆွေးနွေးခဲ့သလို ဒေသခံတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းလားအဖွဲ့ဟာ နောက်နေ့တွေမှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ရှိနေပါတယ်။

ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး မိုင်းလားအဖွဲ့ဘက်က ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူနဲ့ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)က ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်ကတည်းက  ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားပြီး တဖွဲ့ချင်း နေပြည်တော်ကို သွားရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့  ဆွေးနွေးပွဲမတက်ဘူးလို့ ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီနဲ့ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးမှုတွေဟာ တရားမဝင်တဲ့အကြောင်းနဲ့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024