မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို ဖမ်းဆီးသွားပြီးနောက် ဇွန် ၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ကျောက်ပန်းတောင်း PDF ကထုတ်ပြန်ပါတယ်။
တပ်ရင်း ၁ တပ်ခွဲ ၂ က အသက် ၂၁ နှစ်အရွယ် ရဲဘော် ဟိန်းဇေယျာဖြိုးနဲ့ အသက် ၂၀ အရွယ် ဟိန်းဇေယျာဦးတို့ဟာ ဇွန် ၁ ရက်နေ့မှာ လက်ပံပျားရဲစခန်းက တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
ဇွန် ၃ ရက်မှာတော့ လူငယ် ၂ ယောက်ကို လက်ပံပျားရဲစခန်းကနေ တပ်မ ၉၉ ဆီကို လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းက စစ်ကြောရေးစခန်းမှာ ဟိန်းဇေယျာဦးရဲ့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးဟာလည်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရလို့ သွေးထွက်လွန် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကို ဒီနေ့ ညနေ ၃ နာရီအမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတုန်းမှာ သူတို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ကြံ့ကြံ့ခံပြီး သစ္စာရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ရဲဘော်ဟိန်းဇေယျာဖြိုးနဲ့ ဟိန်းဇေယျာဦးတို့ရဲ့ သစ္စာရှိရှိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့တာအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ အားလုံးက အာဇာနည်တွေအဖြစ် အသိအမှတ်ပြု ဂုဏ်ပြု ဝမ်းနည်းကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။