( က )
ဘဘ…ငါ့မြေးဆီကို စာမရေးဖြစ်တာ နည်းနည်းကြာသွားခဲ့ပြီ။ အလုပ်တွေမအားတဲ့ကြားက တခါတလေမှာ ငါ့မြေးဆီကို စာရေးအုံးမှလို့ တွေးမိတာတော့အမှန်ပဲ ငါ့မြေး။ ငါ့မြေးကတော့ ဘဘဆီကစာကို မျှော်ကောင်းမျှော်နေမလား။
ဒီတခါ ငါ့မြေးဆီကို စာရေးဖို့ စားပွဲမှာထိုင်တော့ ငါ့မြေးဆီက ရေးပို့ခဲ့ဖူးတဲ့ စာကလေးတစောင်ကို သွားတွေးမိတယ်။ အဲဒီစာထဲမှာ… “ဘဘရယ် ဖြစ်နိုင်ရင် ဝတ္ထုတိုလေးတပုဒ်၊ ကဗျာလေးတပုဒ်အကြောင်း ပြောပြစမ်းပါ”… ဆိုတဲ့ ငါ့မြေးရဲ့ လိုလိုချင်ချင် ရေးလိုက်တဲ့ စာကြောင်းလေးကို ဘဘ သွားတွေးမိလို့ပါ။ ဒါကြောင့် ဒီတခါတော့ ‘ကဗျာလေးတပုဒ်’ အကြောင်း ငါ့မြေးဆီကို ဘဘ စာရေးပြီး ပြောလိုက်ပါတယ်။
ငါ့မြေးရေ….
ကဗျာလေးအကြောင်း မပြောခင် ဒီကဗျာလေးကို ဖတ်ပြီး ဘဘတယောက်တည်း၊ ပြတင်းပေါက်မှာ သွားရပ်လိုက်၊ အိပ်ရာထဲ ဝင်လှဲလိုက်၊ လမ်းလျှောက်လိုက်နဲ့ တော်တော့်ကို “စိတ်” အလုပ်လုပ်ခဲ့ရတာကို ကြိုပြီးပြောချင်သေးတယ်။ ဒီကဗျာလေးဟာ ဘဘရဲ့စိတ်ကို ဆွဲဆန့်လိုက်တယ်လေ။ ဘဘတယောက်တည်း ရက်အတော်များများ အတွေးတွေ ဖြန့်ကြက်၊ အတွေးတွေ ခုတ်ဖြတ်၊ အတွေးတွေ ဆက်စပ်လုပ်ခဲ့ရသေးတယ်။ ဒီလောက် အလုပ်ရှုပ်အောင် လုပ်ခဲ့တဲ့ ဒီကဗျာလေးအကြောင်းကို တယောက်တည်း ခံစား၊ စဉ်းစားလို့ မကျေနပ်နိုင်လို့ ဘဘနဲ့ရင်းနှီးတဲ့ စာပေမိတ်ဆွေတချို့နဲ့လည်း တိုင်ပင်ဆွေးနွေး၊ ပြောပြပါသေးတယ်။ ဟော… အခုဆိုရင် ကဗျာအာရုံကိုင်းညွှတ်နေတဲ့ ငါ့မြေးကိုတောင်မှ ဒီကဗျာလေးအကြောင်း ပြောပြနေမိပြီ။ ကဲ.. ဘဘ ကဗျာအကြောင်း ပြောတော့မယ်။ ငါ့မြေး သေသေချာချာ နားထောင်နော်။ ကဗျာရဲ့ ခေါင်းစဉ်က “ပျံလွှားငှက်များ ” ..တဲ့။
“ပျံလွှားငှက်များ”
မိုးရောက်တော့
ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပြီလဲ
သူတို့ တောင်ပံခတ်ပျံပုံ သူတို့ တောင်ပံဖြန့်ဝဲပုံ
အားကျမိ အောက်မေ့မိပါရဲ့
တချိန်လုံး ပျံလိုက် ဝဲလိုက် နားလိုက်နဲ့
သူတို့ ဘာအစာတွေ စားကြမလဲ
သူတို့ အိပ်တန်း ဘယ်မှာလဲ။
ဒါကတော့ “ပျံလွှားငှက်ကလေး” ကဗျာရဲ့ ပထမကဗျာပိုဒ်ပေါ့ ငါ့မြေး။ ငါ့မြေးလည်း ပျံလွှားငှက်ကလေးတွေကို တွေ့ဖူးမှာပါပဲ။ ဘဘအဖို့တော့ ဒီကဗျာကိုဖတ်ပြီး အမှတ်တမဲ့ နေခဲ့မိတဲ့ အချိန်တွေကို နှမြောသွားမိတယ်။ ဪ… “သူကတော့ ကဗျာဆရာကိုး” ဆိုတဲ့ အတွေးနဲ့ ကဗျာပိုင်ရှင် ကဗျာဆရာကို လေးစားမိတယ်။ တကယ်တော့ ဘဘလည်း ငယ်စဉ်တုန်းက အဲဒီပျံလွှားငှက်ကလေးတွေနဲ့ နှံပြည်စုတ်ငှက်ကလေးတွေကို တခြားငှက်တွေထက်ပိုပြီး စိတ်ဝင်စားခဲ့မိဖူးတယ်။ ပြီးတော့ တခြားငှက်တွေထက် ပိုပြီး သနားကြင်နာစိတ် ဖြစ်ခဲ့မိဖူးတယ်။
ငါ့မြေးလည်း သိမှာပါ။ ပျံလွှားငှက်တို့၊ နှံပြည်စုတ်ငှက်တို့ဆိုတဲ့ ငှက်ကလေးတွေဟာ တခြား ငှက်အမျိုးအစားထက်ပိုပြီး ခန္ဓာကိုယ် သေးကွေးကြတယ်မို့လား။ ပြီးတော့ ဘဝပေးအသိအရ သူတို့မှာ တနေရာမှာ အကြာကြီးငြိမ်ပြီး နေလေ့မရှိတာရယ်၊ သနားစရာကောင်းလောက်အောင် ဗျာများနေတာရယ်ကြောင့် သူတို့ကို ဘဘ ကိုယ်ချင်းစာစိတ်နဲ့ သနားမိတာပေါ့။ ဒီကြားထဲ မိုးတွေ လေတွေများ ကျပြီလားဆိုရင် သူတို့တတွေ ဘယ်လောက်အထိ ထိတ်လန့်တုန်လှုပ်နေကြမလဲ။ ဒါပေမဲ့ ဘဘကသာ တခြားငှက်သတ္တဝါတွေနဲ့ နှိုင်းယှဉ်ပြီး သနားနေတာပါ။ သူတို့ကတော့ သန်မာဖျတ်လတ်တဲ့ နေရာမှာ အောချယူရမယ်။ ဝီရိယလည်း ရှိတယ်။ သတိလည်း ရှိကြတယ်ကွဲ့။
ဒီကဗျာမှာ ပျံလွှားငှက်ကလေးတွေကိုကြည့်ပြီး ကဗျာဆရာက ဘဘလိုပဲ ပူပင်သောကရောက်နေတာ တွေ့ရတယ်။ မိုးရောက်တော့မယ်တဲ့။ ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပါလိမ့်တဲ့။
မှန်တာပေါ့။ သူတို့က အကောင်သေးသေးလေးတွေလေ။ ဒီလိုခန္ဓာကိုယ်မျိုးက မိုးဦးကျအချိန် လေထဲ မိုးထဲ အချိန်မရွေး လွင့်ပါသွားနိုင်တာပဲ။ တနွေလုံး မနားမနေ ပျံကာလွှားကာ လှုပ်ရှားနေတဲ့ ပျံလွှားငှက်ကလေးတွေ အခုတော့ ဘယ်ရောက်ကုန်ပါလိမ့်။ သူတို့ ဘယ်လိုများ အစာရှာစားကြပါလိမ့်။ သူတို့နေတဲ့ အိပ်တန်းနဲ့ အသိုက်အမြုံတွေကရော လုံလုံခြုံခြုံ ခိုင်ခိုင်ခံ့ခံ့မှ ရှိပါရဲ့လား။ ဒုတိယကဗျာပိုဒ်ကို ဆက်ပြီး ဖတ်ကြည့်ပါဦး ငါ့မြေး။
တဆောင်းလုံး တနွေလုံး
တို့ခေါင်းပေါ်မှာ
ဆူပါမင်းဟန်ပန်ဖမ်း ပျံဝဲနေတဲ့ကောင်လေးတွေ
ဓာတ်ကြိုးတန်းမှာ နားတဲ့အခါ
နေဘက်ကို အားလုံးမျက်နှာမူကြလို့
အဲ… မိုးအုံ့တဲ့နေ့ကတော့
လှည့်ချင်ရာ လှည့်တော့တာပါပဲဗျာ။ ။
( ခ )
ကဗျာဆရာ ‘မောင်အောင်ပွင့်’ ဟာ ‘ပျံလွှားငှက်ကလေး’ တွေအကြောင်း ဘယ်လိုရည်ရွယ်ပြီး ဖွဲ့ဆိုခဲ့တာလဲ။ ဘဘလည်း အရမ်းသိချင်တယ်။
ပထမကဗျာပိုဒ်မှာ ကဗျာဆရာ အထူးပြုပြီး ပြောချင်တဲ့ အကြောင်းအရာ မပါသေးတာကို အသေအချာဖတ်ကြည့်ပြီး သိထားတော့ ဒုတိယကဗျာပိုဒ်လည်းဖြစ်၊ နောက်ဆုံးကဗျာပိုဒ်လည်း ဖြစ်တဲ့ ဒီကဗျာပိုဒ်ကြတော့ ဘဘအဖို့ မျှော်လင့်တကြီးနဲ့ ဆက်ဖတ်ရတာပေါ့။
ဖတ်သာဖတ်ရတာပါ ငါ့မြေးရယ်… ကဗျာဆိုတာက တပုဒ်လုံးခြုံပြီးမှ ကဗျာဆရာ ပြောချင် ပေးချင်တဲ့ အကြောင်းအရာ (ဝါ) ဒဿနကို စဉ်းစားလို့ရတာမျိုးလည်း ရှိတတ်တယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဒုတိယကဗျာပိုဒ်မှာတော့ ဘဘသိချင်တဲ့အချက် ပါကောင်းပါမှာပဲ ဆိုတဲ့အသိနဲ့ ဆက်ပြီး ဖတ်တယ်။ အမှန်ပဲ ငါ့မြေးရေ.. ဒုတိယကဗျာပိုဒ်မှာတော့ ကဗျာဆရာက သူပြောချင်တဲ့ အကြောင်းအရာကို အပြည့်အဝ ပေးလိုက်ပြီ ငါ့မြေး။
ဒုတိယကဗျာပိုဒ်မှာ.... တနွေလုံး၊ တဆောင်းတွင်းလုံး၊ မနားမနေ လှုပ်ခတ်ပျံသန်းနေတဲ့ ငှက်ကလေးတွေ၊ ဓာတ်ကြိုးတန်းပေါ်မှာ နေဘက်ကို မျက်နှာမူပြီးမှ နားကြတဲ့ ပျံလွှားငှက်ကလေးတွေ တဲ့…။ မိုးအုံ့တဲ့နေ့မှာကျတော့ လှည့်ချင်ရာ လှည့်ကြတော့တာပဲဗျာ…. ဆိုပြီး နိဂုံးချုပ်တယ်လေ။
ဘဘမှာလေ… ဒီ-ဒုတိယကဗျာပိုဒ်ကို အတွေးနယ်ချဲ့ခဲ့ရတာ တော်တော်ကြာခဲ့တယ် ငါ့မြေး။ ရေးရေးလေး အတွေးပေါက်တာနဲ့တပြိုင်နက် အဲဒီအတွေးကြိုးစကို အဆုံးအထိ ပါလာအောင် တဖြည်းဖြည်း ဆွဲယူခဲ့ရတာ။
သေသေချာချာ စဉ်းစားကြည့်စမ်း ငါ့မြေး။ ဘဘတို့ရဲ့ မြန်မာစကားပုံမှာ “ဥသြတကောင်ကြောင့်နဲ့တော့ နွေမဖြစ်နိုင်ဘူး” ဆိုတဲ့စကား ငါ့မြေး ကြားဖူးမှာပါ။ ဒီနေရာမှာလည်း “ပျံလွှားငှက်ကလေးတကောင်နဲ့တော့ နွေမဖြစ်နိုင်ဘူး” ဆိုတဲ့ သိုးဆောင်းစကားပုံကို ဘဘ သတိပြုမိတယ်။
မှန်တာပေါ့။ လူတွေရဲ့ မြင်ကွင်းမှာ၊ ကောင်းကင်မှာ ပျံလွှားငှက်ကလေးတကောင်တလေ ရောက်လာရုံနဲ့တော့ “နွေ” ရောက်မလာနိုင်သေးတာ သေချာတာပေါ့။ ဒါပေမဲ့ ပျံလွှားငှက်ကလေးတွေဟာ ဘဘတို့ဆီက ဥသြငှက်တွေလိုပဲ နွေဦးကြမှ မြင်ရ၊ အသံကြားရတဲ့ ငှက်မျိုး။ နွေကြိုတေးဆို၊ နွေဦးပျော်ငှက်မျိုးတွေပါ။ ဒါကြောင့်မို့ ပျံလွှားငှက်ကလေးတွေ နေဘက်ကို မျက်နှာမူပြီး ဓာတ်ကြိုးတန်းမှာ တကောင်တလေ လာနားရာက နောက်ထပ်တကောင်၊ ပြီးတော့ နောက်ထပ်တကောင်…။ ဒီလိုနဲ့ ပျံလွှားငှက်ကလေးတွေ ထောင်သောင်းချီ ရောက်လာခဲ့ပြီ ဆိုရင်တော့ နွေဦးဟာ ဘယ်လိုမှ ပြေးမလွတ်နိုင်ဘဲ မုချကိုပဲ ရောက်လာခဲ့ပြီပေါ့။
ဒါကြောင်မို့ ပျံလွှားငှက်ကလေးတွေဟာ နွေဦးကိုကြိုဖို့ ဓာတ်ကြိုးတန်းမှာ နားနေကြတယ်။ ဒီလိုအချိန်မှာပဲ ကံအားလျော်စွာ မိုးအုံ့တဲ့တနေ့ကို ကြုံကြရပြန်တယ် ဆိုပါတော့ ငါ့မြေး။
မိုးတွေ မည်းမည်းအုပ်အုပ် ညို့လာပြီဆိုရင် ပတ်ဝန်းကျင်တခုလုံး မည်းမှောင်အုံ့ဆိုင်းပြီး နေထွက်ရာအရပ်ကို မှန်းဆလို့မရ ဖြစ်ကုန်တော့တာပေါ့။ ပျံလွှားငှက်ကလေးတွေဟာ ဓာတ်ကြိုးတန်းပေါ်မှာ အရှေ့ဘက် နေထွက်ရာအရပ်ဟာ ဘယ်ဘက်မှာရှိတယ်ဆိုတာ မသိနိုင်ကြတော့ဘူးပေါ့။ ဒီတော့ ဆူဆူညံညံ လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီး တချို့က အရှေ့၊ တချို့က အနောက်၊ တချို့က တောင်၊ တချို့က မြောက်၊ ကိုယ်မှန်တယ်ထင်ရာ လှည့်မိကြတော့တာပဲပေါ့။ နေထွက်ရာအရပ်ဟာ ဘယ်မှာလဲ… နွေဦး အရောက် နောက်ကျတော့မှာပဲ။
ငါ့မြေးရေ… ဆရာ‘အောင်ပွင့်’ရဲ့ ‘ပျံလွှားငှက်များ’ ကဗျာဟာ၊ ဘဘတို့အားလုံးကို ရည်ညွှန်းလိုက်တာပဲ။ ကြည့်တတ်၊ မြင်တတ်လွန်းတဲ့ ကဗျာဆရာရဲ့ ‘ဂမ္ဘီရဉာဏ်’ ကို ဘဘ တကယ်ပဲ အံ့သြတယ်။ မြင်တတ်၊ ပြောတတ်လိုက်တာကွယ်။ ဘဘဖြင့် တုန်လှုပ်သွားရလောက်အောင်ကို ပီတိဖြစ်ရတယ်။
ဟုတ်တာပေါ့။ ဘဘတို့ဟာ နွေဦးကိုကြိုကြရမှာပေါ့။ ဘဘတို့ဟာ ပျံလွှားငှက်ကလေးတွေ၊ (ဥသြငှက်ကလေးတွေလည်း ဟုတ်တယ်နော်)၊ နေထွက်ရာဘက်ကို မျက်နှာမူကြရမှာပေါ့။ တကောင်မက နှစ်ကောင်၊ သုံးကောင်… ပြီးတော့ အထောင်အသောင်း…။ အရှေ့ဘက်က နေလုံးကြီးကို တူးဆွကြရမှာပေါ့။ နွေဦးကို ဖွင့်လှစ်ကြရမှာပဲပေါ့။ ဒါပေမဲ့… မိုးအုံ့တဲ့အခါ၊ မိုးမှောင်ကျတဲ့အခါ၊ (ဒါလည်း မလွဲမသွေကြုံတတ်၊ တွေ့ရတတ်တဲ့သဘာဝ) ဘဘတို့ ဦးတည်ထားတဲ့ဘက်ကို မှန်မှန်ကန်ကန် မျက်နှာမူနိုင်ဖို့၊ မူတတ်ဖို့လည်း တကယ်ကို လိုအပ်တာပေါ့။ အရေးကြီးတာက မှန်ကန်တဲ့ဘက်၊ မှန်ကန်တဲလမ်းကို ကမ်းမမှောက်ဖို့ အရေးကြီးတာပေါ့။
ကဲ… ဒါပါပဲ ငါ့မြေး။ ဘဘကတော့ ငါ့မြေးကို ကဗျာတပုဒ်အကြောင်း စာရေးပြီး ပြောခဲ့ပြီးပြီ။ ဘဘလည်း ရင်ထဲမှာ တော်တော့်ကို ကျေနပ်သွားပြီ။ ဒီတခါ ငါ့မြေးဆီ စာရေးရတာ ဘဘဖြင့် တကယ့်ကို အားရကျေနပ်မိတယ် ငါ့မြေး။
ငါ့မြေးတယောက် တခြားပျံလွှားငှက်ကလေးတွေနဲ့အတူ နေထွက်ရာအရပ်ကို မှန်မှန်ကန်ကန် မျက်နှာမူပြီး နွေဦးကို ကြိုဆိုနိုင်ပါစေလို့ ဘဘ ဆုတောင်းပေးလိုက်ပါတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)