မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇွန် ၃ ရက်မနက်က စစ်ကောင်စီတပ်ဖွဲ့တွေက မသန်စွမ်းသူ ၃ ယောက်အပါအဝင် ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ PDF-ဂန့်ဂေါကနေ သိရပါတယ်။
ထီးလင်းမြို့နယ် ရေမျက်နီရွာက ထွက်လာတဲ့ စစ်တပ်အင်အား ၄၀ ကျော်လောက်ဟာ မနေ့ မနက် ၁၁ နာရီလောက်မှာ ညောင်လယ်ရွာကိုရောက်ရှိပြီး အပြစ်မဲ့ ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး အသတ်ခံရသူတွေအထဲမှာ မသန်စွမ်းသူ ၃ ယောက်ပါတယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီရွာမှာ စစ်တပ်အင်အား ၃၀ လောက်နဲ့ ကား ၂ စီးချန်ထားပြီး ဇွန် ၂ ရက်က ရောက်နေတဲ့ စစ်ယာဥ်တန်း အစီး ၅၀ လောက်နဲ့ မြောက်ဘက်ကို ထွက်သွားပြီး ခေါင်းတုံရွာမှာ ညအိပ်စခန်းချကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူပြီး မိဘပြည်သူတွေအနေနဲ့လည်း သတိထားပြီး နေထိုင်သွားလာကြဖို့ သတိပေးထားပါတယ်။
ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်နားမှာလည်း မေလ ၂၆ ရက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဥ် ၅ စီးလောက်နဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ပြည်သူတွေအပါအဝင် PDF ရဲဘော် ၇ ယောက်ထက်မနည်း ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။