ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)က ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်မှာ ရောက်ရှိနေပါတယ်။
မိုင်းလား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၃ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျိုင်းတုံမြို့ကနေ လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကိုရောက်လာရာမှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူတွေက ကြိုဆိုကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
မိုင်းလားအဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိသလို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားပြီး တဖွဲ့ချင်းနေပြည်တော်ကို သွားရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ ဆွေးနွေးပွဲမတက်ဘူးလို့ ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီနဲ့ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးမှုတွေဟာ တရားမဝင်တဲ့အကြောင်းနဲ့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။
Photo- MOI