မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတိုက်နယ်၊ လျှော်တောကျေးရွာက စိုက်ခင်းတဲအိမ်တွေကို ဒီကနေ့ ဇွန် ၃ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတယ်လို့ ကျောက်ပန်းတောင်းနယ်ခံတွေက ပြောပါတယ်။
လျှောတောကျေးရွာအနီးဝန်းကျင်က ငှက်ပျောခြံ၊ မာလကာခြံ စတဲ့ စိုက်ခင်းခြံတွေထဲမှာ ဆောက်ထားတဲ့ တဲအိမ်တွေကို မီးရှို့တာဖြစ်ပြီး PDF တွေ ခိုနေနိုင်တယ်လို့ ယူဆတဲ့အတွက် ရှို့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါကျေးရွာတဝိုက် ပိုက်စိတ်တိုက်စစ်ဆေးနေပြီး ရွာခံ အယောက် ၂၀ လောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက "ပိုက်စိပ်တိုက် စစ်နေတာ အခု။ ရွာခံ ၂၀ လောက် ဖမ်းထားတယ်။ တောထဲမှာရှိတဲ့ တဲတွေကို မီးရှို့တာ။ သူတို့က ရွာထဲမှာနေတာ မဟုတ်ဘူး၊ စိုက်ခင်းတွေရှိတဲ့ တဲလေးတွေမှာ နေတာ။ လောလောဆယ် နှစ်ဆယ်၊ သုံးဆယ်လောက် ပါသွားတယ်" လို့ ပြောပါတယ်။
မီးရှို့ခံရတာကြောင့် စိုက်ခင်းတဲအိမ် ၃၀ လောက် မီးလောင်သွားတယ်လို့လည်း သိရပါတယ်။
အခုလို မီးရှို့ခံရတာဟာ ပြီးခဲ့တဲ့ မေ ၃၁ ရက်က လျှော်တောကျေးရွာက အုပ်ချုပ်ရေးမှူး လင်မယားကို PGF ကျောက်ပန်းတောင်းက ရှင်းလင်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ လာရောက်ပြီး လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို သေနတ်ပစ်ခတ်ပြီး ရှင်းလင်းစဉ် သူ့ရဲ့ဇနီးက ပြန်လည်ခုခံတဲ့အတွက် မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတယ်လို့ PGF ကျောက်ပန်းတောင်းက သတင်းထုတ်ပြန်ထားပါတယ်။