မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန်လ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို-PDF ကနေသိရပါတယ်။
ပြည်သူတွေဆီကနေ ဆိုင်ကယ် ၃ စီးနဲ့ ပစ္စည်းတွေကို အဓမ္မသိမ်းယူလာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဇီးကုန်းရွာနဲ့ ကုန်းတလင်းရွာကြားမှာ မနေ့ မနက် ၁၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။
“သူတို့တွေကံဆိုးတာကတော့ မိုင်းပေါ်မှာတည့်တည့်ရပ်ပြီး ဘာလုပ်နေလည်းမသိဘူး။ ဆွဲထည့်လိုက်တာ ဆိုင်ကယ်သုံးစီးကတော့ မိုင်းကွဲလိုက်တဲ့ပေါက်ကွဲမှုကြားထဲမှာပဲ လွင့်ထွက်သွားပြီး ကားလည်းလမ်းဘေးကိုထိုးကျသွားတယ်။ အဲဒါကို လေ့လာစုံစမ်းလိုက်တော့ ဆင်ချောင်းရွာက ပျူစောထီးတွေအပါဝင် စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်”။
မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့တာကြောင့် ရေစကြိုPDFက ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာကြားက လယ်ကြီးတံတာနားမှာလည်း မေ ၂၈ ရက် ကားတစီးနဲ့ ခေါက်တုန့်ခေါက်ပြန်သွားနေတဲ့ စစ်ကောင်စီတပ်သားတွေကိုတွေကို ရေစကြို PDF ကမိုင်း ၂ လုံးဆွဲပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မေ ၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့လို့ ပြည်သူတွေရဲ့နေအိမ် ၁၅၀ ကျော် လောက်မီးလောင်ဆုံးရှုံးခဲ့ ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။