စံချိန်တင်ရလောက်အောင် ကာလရှည်ကြာတဲ့ ဘုရင်မဘဝနဲ့ နှစ်ပေါင် ၇၀ ပြည့်ချိန်မှာ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်အတွက် ဘယ်လို အမှတ်ရ ထင်ကျန်စရာတွေ ရှိနေနိုင်မှာပါလဲ။ ဘုရင်မကြီးအနေနဲ့ သမိုင်းစာမျက်နှာမှာ ဘာတွေရေးထိုးသွားနိုင်ခဲ့ပါသလဲ။
သက်တော် ၉၆ နှစ်အရွယ် ဗြိတိန်နိုင်ငံဟာ ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ဗြိတိသျှထီးနန်းစိုးစံသက် နှစ် ၇၀ ပြည့် တော်ဝင်အခမ်းအနားတရပ်ကို အခု ဇွန်လထဲမှာ လေးရက်ကြာကျင်းပဖို့ ရှိနေပါတယ်။
ဘုရင်မကြီးအဲလစ်ဇဘက်
“သင်တို့ရဲ့အမှုတော်နဲ့တကွ ကျွန်ုပ်တို့အားလုံး ပိုင်ဆိုင်တဲ့ အင်ပါယာနိုင်ငံ မိသားစုကြီးတခုလုံးအတွက် အမှုတော်တွေကို ကျွန်ုပ်သက်ရှိထင်ရှား ရှိနေသမျှ ကာလပတ်လုံး ကျေပြွန်အောင် ထမ်းရွက်သွားပါမယ်လို့ ဒီကနေ့ ကြေညာအပ်ပါတယ်။”
ဗြိတိသျှဓနသဟာယ အဖွဲ့ကြီးကို စတင်ဉီးဆောင်ချိန်မှာ ဘုရင်မကြီးဟာ အဲဒီအချိန်က ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကအတိုင်းပဲ သူ့ရဲ့ တာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။
လန်ဒန်တက္ကသိုလ်၊ ဘုရင့်သမိုင်းမှတ်တမ်းဌာန ပါမောက္ခ အန်နာဝှိုက်တ်လော့ခ်က “တိုင်းပြည်ဉသျှောင် ဘုရင်မကြီးအနေနဲ့၊ နောက်ပြီး စည်းမျဉ်းခံဘုရင်တပါးအနေနဲ့ ထီးနန်းအရိုက်အရာ ဆက်ခံဆောင်ရွက်မှုကို တွေ့မြင်ရတာကတော့ ဘုရင်မကြီးဟာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သူပေါ့” လို့ ပြောပါတယ်။
ဖခင်ဖြစ်သူ ဆဋ္ဌမမြောက် ဂျော့ဘုရင် ကွယ်လွန်ချိန်မှာ သက်တော် ၂၅ နှစ်သာ ရှိသေးတဲ့ အဲလစ်ဇဘက်ဟာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ နန်းတက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးကိုလည်း ဝန်ကြီးချုပ်ချာချီရဲ့ အစိုးရနဲ့အတူ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်အပြီး ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်ပြီးနာလန်ထူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာတဝန်းက ကိုလိုနီနိုင်ငံတွေကို လက်လွှတ်ရတာလည်း ကြုံခဲ့ရပါတယ်။
ပါမောက္ခ အန်နာဝှိုက်တ်လော့ခ်က “နိုင်ငံရေးမှာ ဘယ်တော့မှ ဝင်မပါပါဘူး။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဓာတ်ပုံရိုက်ခံရတဲ့ မိန်းမတွေထဲမှာ ဆွဲဆောင်နိုင်မှု အရှိဆုံးသူတယောက် ဆိုတာထက် ပိုပြီး ကျနော်တို့ သူ့အကြောင်း အများကြီး မသိနိုင်ပါဘူး။ သူဟာ ဉာဏ်အမြော်အမြင်ရှိလွန်းသူတယောက်ပါ။ နိုင်ငံရေးနဲ့ ဝေးဝေးနေတဲ့ အုပ်စိုးသူတယောက် အနေနဲ့ကတော့ တကယ်ကို လေးစားဂုဏ်ယူစရာပါပဲ” လို့ ပြောပါတယ်။
ဘာမင်ဂန်တက္ကသိုလ် လူမည်းရေးရာဌာန စာရေးဆရာနဲ့ ပါမောက္ခဖြစ်တဲ့ ကီဟင်ဒီ အင်ဒရူးကတော့ ဘုရင်မတယောက်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုရှုမြင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ပဲ သူ့ရဲ့စွမ်းဆောင်ချက်တွေကို တိုင်းတာရမှာဖြစ်တယ်လို့ ပြောပါတယ်။
“လူဖြူကြီးစိုးရေးကို ကိုယ်စားပြုထားတဲ့ စနစ်ကြီးတခုရဲ့ ဉသျှောင်တယောက်အနေနဲ့ ကိုလိုနီနိုင်ငံတွေကို သူရဲ့ အုပ်စိုးခဲ့မှုဟာ ကောင်းမွန်ခဲ့တယ်လို့ပဲ ကျနော်ပြောရမှာပါ။”
သူ့ရဲ့ နန်းစံသက်တမ်းအတွင်းမှာ ပုပ်ရဟန်းမင်းကြီးအဆက်ဆက် အပါအဝင် သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ တယောက်ပြီးတယောက် ပြောင်းခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲခဲ့ပါတယ်။ သူရဲ့ နေမဝင်အင်ပါယာကြီးလည်း ပျောက်ကွယ်ခဲ့ရပါတယ်။ ကိုလိုနီနိုင်ငံဟောင်း ၅၄ နိုင်ငံကို စုစည်းပြီး ဗြိတိသျှ ဓနသဟာယအဖွဲ့ကြီးအနေနဲ့ ပုံစံသစ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒုတိယ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ နန်းစံသက်တမ်းတလျှောက်မှာ လူတွေရဲ့ဘဝတွေ အများကြီး ပြောင်းလဲသွားတယ်။ ဒါဟာ ထင်ရှားတဲ့ အချက်တခုပါလို့ တော်ဝင်အတ္ထုပ္ပတ္တိ ရေးသားသူ မစ်စ် ပန်နီ ဂျူနာက ပြောပါတယ်။
“ဘုရင်မကြီးရဲ့ အုပ်စိုးခဲ့တဲ့ကာလကို ပြန်ကြည့်ရင် သမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ၊ လူ့ဘောင်အဖွဲ့အစည်းရဲ့ ကြီးကျယ်တဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။”
၁၆ ရာစုနှစ်တုန်းက နန်းသက် ၄၄ နှစ်ကြာ အုပ်စိုးသွားတဲ့ ပထမ အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရွှေရောင်လွှမ်းတဲ့ ခေတ်နဲ့လည်း နှိုင်းယှဉ်မှုတွေ ရှိပါတယ်။
အဲဒီတုန်းက စီးပွားရေးတွေဖွံ့ဖြိုး၊ တိုင်းပြည်ကြီး ကျယ်ပြန့်ခဲ့တယ်။ ဝီလျံရှိတ်စပီးယားတို့လို စာပေအကျော်အမော်တွေလည်း ထွက်ပေါ်တဲ့ခေတ်ပါ။
“ကျွန်ုပ်၏ ထီးနန်းစိုးစံမှုသည် အဲလစ်ဇဘတ်ခေတ်သစ်ကို အမှတ်အသားပြုနိုင်မည် ဖြစ်သည်ဟု အချို့သူတွေက ယုံကြည်မျှော်လင့်ကြသည်”လို့ ၁၉၅၃ ခုနှစ်က ခရစ္စမတ်ရာသီ မိန့်ခွန်းမှာ ပြောကြားပါတယ်။
နိုင်ငံရေးအခြေအနေတွေပေါ်မှာ ထင်မြင်ယူဆချက်တွေ ပြောဆိုတာ၊ အင်တာဗျူး ဖြေတာမျိုးတွေ တခါမှ မရှိဘူးတဲ့ ဘုရင်မကြီးကို ဝေဖန်အကဲဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။
နန်းတွင်းလက်ထောက်တယောက်ကတော့ ထီးနန်းဆက်ခံမှု အကောင်းအဆိုးကို တခြားသူတွေက သုံးသပ်ပြောဆိုကြလိမ့်မယ်လို့ ဘုရင်မကြီးက ထင်မြင်ယူဆထားနိုင်ပါတယ်လို့ ပြောပါတယ်။
ပါမောက္ခ ကီဟင်ဒီ အင်ဒရူးက “သမိုင်းကြောင်းတွေကို ပြန်ကြည့်တဲ့အခါ ဘုရင်မကြီးလိုမျိုး လူမျိုးကတော့ ရှိမယ်မထင်ပါဘူး” လို့ ဆိုပါတယ်။
ပထမအဲလစ်ဇဘက် ဘုရင်မကြီးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဩဇာအာဏာ အပြည့်မရှိ၊ စည်းမျဉ်းခံဘုရင်ဘဝဖြစ်တဲ့ ဒုတိယအဲလစ်ဇဘက်ဟာ တိုင်းပြည်ရေးရာကိစ္စတွေမှာ တက်လာတဲ့ အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေအတိုင်း ရိုးရိုးရှင်းရှင်း ရပ်ခံပေးရရုံသာ ရှိပါတယ်လို့ အင်ဒရူးက ပြောပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာပညာရှင် ဒေးဗစ် စတာကီကတော့ ဒုတိယအဲလစ်ဇဘက်ခေတ်ဆိုတာ မရှိပါဘူး။ ဘုရင်မကြီးအနေနဲ့ သူရဲ့အခန်းကဏ္ဍကို အစဉ်အလာ ထီးနန်းဆက်ခံမှု အနေနဲ့သာ သဘောထားတယ်၊ သမိုင်းရဲ့ စွမ်းဆောင်ရှင်ကြီးတယောက်အနေနဲ့ မှတ်ယူမယ်လို့ သူ မယူဆဘူးလို့ ပြောပါတယ်။ သူလုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို့ လူတွေ အမှတ်ရ ကျန်ရစ်စေမယ့် အရာမျိုးကို ဘာဆိုဘာမှ ပြောဆိုခဲ့တာ မရှိပါဘူး။ သူ့ရဲ့နန်းစံခေတ်ကိုလည်း သူ့ရဲ့အမည်နာမ ရေးထိုးတာမျိုး မလုပ်ခဲ့ပါဘူးလို့ ၂၀၁၅ ခုနှစ်ထုတ် စာအုပ်မှာ စတာကီက ရေးသားထားပါတယ်။
“ဝေဖန်တာမျိုးမဟုတ်ဘဲ အမှန်အတိုင်း ရိုးရိုးသားသားပြောတာပါ။ ချီးကျူးရေးသားထားတယ် ဆိုရင်တောင်မှ ဘုရင်မကြီးစိတ်ထဲ ဘယ်လိုမှ ခံယူမယ်မထင်ပါဘူး။ ဘုရင်စနစ်ကို ဆက်ခံထိန်းသိမ်းဖို့ ခေတ်အခါက တာဝန်ကျလာတဲ့အခါ သူ ဝင်ပြီး ထမ်းဆောင်တဲ့ သဘောပါပဲ။”
ဒီလိုထင်မြင်ချက်တွေ ရှိနေသလို တဘက်မှာလည်း မတူတဲ့အမြင်တွေက ရှိနေပါတယ်။ ယိမ်းထိုးလှုပ်ရှား ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ အပြည့်အဝ မှန်ကန်တယ်လို့ မဆိုနိုင်ဘူးလို့ အတ္ထုပ္ပတ္တိရေးသားသူ သမိုင်းပညာရှင် မက်သရူး ဒန်နီဆန်က ပြောပါတယ်။
“ကွဲပြားစုံလင်လှတဲ့ ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ရှိနေတဲ့ ရည်မှန်းချက်တွေ၊ စိုးရိမ်မှုတွေ၊ မတူတဲ့ အမှတ်သရုပ်တွေကို လူတဉီးတယောက်ကနေပြီးမှ ညီညွတ်မျှတမှုရှိအောင် စွမ်းဆောင်ပေးနိုင်မယ်၊ လုပ်ဆောင်ပေးနိုင်မယ် ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။”
သူရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို လူသိရှင်ကြား ထုတ်မပြောရတဲ့ အကြောင်းက လူတွေကို ဝေဖန်မှုတွေ ခွဲခြားပြောဆိုတာမျိုးတွေ ရှောင်ရှားပြီး ဗြိတိသျှတွေရဲ့ နိုင်ငံကိုယ်စားပြုသူတဦး အနေနဲ့သာ သူ့ကို ထင်မြင်စေချင်ပုံ ရပါတယ်လို့ ဒန်နီဆန်က ဆက်ပြောပါတယ်။
ဘယ်လိုမျိုး မှတ်မိထင်ကျန်မှုမျိုးနဲ့ ဘုရင်မကြီးရဲ့ခေတ် နိဂုံးချုပ်မှာလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုအခါ ဗြိတိသျှ ဘုရင့်အချုပ်အခြာအာဏာဟာ လက်တွေ့မှာ နည်းနည်းပဲရှိပြီး ပြည်သူလူထုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း ဘုရင်မကြီးမှာရှိနေတဲ့ မမြင်ရတဲ့ အာဏာဟာ နိုင်ငံအတွက် အလွန်တန်ဖိုးရှိနေတယ်လို့ ဒန်နီဆန်က ဆိုပါတယ်။
“ပြည်သူ့ဝန်ဆောင်မှုအရ အရမ်းတော်တဲ့သူတယောက်အဖြစ် သူ့ကို အမှတ်ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သာမန်မဟုတ်တဲ့ တည်ရှိနေခြင်းရဲ့ ကြီးမြတ်ကောင်းမွန်မှုကို သင်လက်ခံနိုင်မယ် ထင်ပါတယ်။ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တန်ဖိုးထားတတ်ဖို့ အကျိုးရှိစေဖို့ကို ကျေးဇူးပြုနေမှာ ဖြစ်ပါတယ်။”
အောင်မြင်မှု
ဘုရင်မကြီးအနေနဲ့ ဘုရင်တပါးရဲ့ မူရင်းရည်မှန်းချက်တွေ ပြည့်မီပြီလို့ ပြောနိုင်ပါပြီလားလို့ မေးလာရင်တော့ ဟုတ်ပါတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်လို့ အန်နာ ဝှိုက်တ်လော့က မှတ်ချက်ပြုပါတယ်။
“ဘုရင်တပါးရဲ့ အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘုရင်စနစ်ကို ထိန်းသိမ်းဖို့နဲ့ ထီးနန်းဆက်ခံမှုကို သေချာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို ဘုရင်မကြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မကြုံစဘူးသော အပြောင်းအလဲ ကာလတလျှောက် ဘုရင်စနစ်ကို ထိန်းသိမ်းခဲ့ပြီး အစဉ်အလာ ထီးမွေနန်းမွေ ဆက်ခံမှုကိုလည်း အာမခံခဲ့ပါတယ်။ ဘုရင်မကြီးဟာ သူ့ကိုယ်သူ ကျေနပ်ဂုဏ်ယူနေမယ် ထင်ပါတယ်။”