ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဆွတ်အောင်ကျေးရွာအနီးမှာ အရပ်သား ၄ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
မေ ၃၁ ရက် ည ၈ နာရီဝန်းကျင်က အခုလို ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ဆွတ်အောင်ကျေးရွာ သုသာန်အနီးက လျှိုထဲမှာ ညှင်းပန်းနှိပ်စက်ခံထားရပြီး သေနတ်ဒဏ်ရာကိုယ်စီနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို မသိရှိရဘဲ လက်ပြန်ကြိုးတုပ်ခံထားရပြီး သေနတ်နဲ့ ပစ်သတ်ခံထားရကာ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ ပရဟိတ အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီလို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ညက ရွာအနီးနားမှာ သေနတ်သံတွေ ကြားပေမဲ့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားသူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဖားကန့် ပြည်သူ့ဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ထားပြီး သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဖားကန့်ဒေသမှာ အသတ်ခံရလို့ သေဆုံးမှုမျိုးတွေ ရှိခဲ့ပေမဲ့ အရပ်သားလေးဦး တပြိုင်တည်း အသတ်ခံခဲ့ရတာဟာ ပထမဦးဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို အသတ်ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကို ထုတ်ပြန်ထားတာမျိုး မရှိပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အခုနှစ် မေလအတွင်းကစပြီး ဖားကန့်ဒေသ မှော်ရွာအနှံ့မှာ စစ်ကြောင်းထိုးနေသလို အရပ်သားတွေကို ပစ်သတ်တာမျိုးတွေ ရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။