ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းစျေး မေ ၃၀ ရက် မနက် ၂ နာရီ လောက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး စျေးဆိုင်ခန်း ၂၆ လောက်နဲ့ ကုန်တန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ စျေးတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေထံက သိရပါတယ်။
ညောင်ချောင်းကျေးရွာဒေသခံစျေးဆိုင်ပိုင်ရှင်တဦးက “မီးလောင်တဲ့ဆိုင်တွေက ဆန်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ၂၀ လောင်ပါသွားတယ်။ ပန်းပဲဆိုင်က ၆ ဆိုင်၊ ဆုံးရှုံးမှု တန်ဖိုးက အားလုံးသိန်း တစ်ထောင်ကျော်နိုင်တယ်။ ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေက ဆုံးရှုံးမှု များမယ်”လို့ ပြောပါတယ်။
စျေးမီးလောင်မှုမှာ ဒီမနက် ၂ နာရီကျော်လောက်မှာ စတင် မီးလောင်တာဖြစ်ပြီး ခရီးဝေးတဲ့ အတွက် မီးသတ်ကားအချိန်မီ မရောက်နိုင်တာကြောင့် အနီးအနားရှိ ကျေးရွာတွေက ကိုယ်ထူကိုယ်ထ ဝိုင်းဝန်း မီးငြှိမ်းသတ်လိုက်ကြတာကြောင့် မနက်အာရုံ ၃ နာရီကျော်မှာ မီးငြိမ်းသွားပါတယ်။
“ဘူးသီးတောင်က မီးသတ်ကားတွေ ရောက်လာဖို့ နာရီဝက်လောက် ကြာနိုင်တယ်။ အားလုံး ရွာသူ ရွာသားတွေ ဝိုင်းဝန်းပြီး မီးငြှိမ်းနိုင်ခဲ့တာ။ မဟုတ်ရင် တဈေးလုံး ပါသွားမှm” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဘူးသီးတောင်မြို့နဲ့ ညောင်ချောင်းကျေးရွာဟာ ၁၂ မိုင်ကွာဝေးတာကြောင့် မီးသတ်ကားတွေ အချိန်မီ ရောက်မလာနိုင်ခဲ့ဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။
လက်ရှိမီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေတယ်လို့ မောင်တောခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
ညောင်ချောင်းဈေးမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၁၀ လောက်က ဒေသခံတွေ မှီခို စျေးရောင်းချနေကြရတဲ့ စံပြဈေးတဈေးလည်း ဖြစ်ပါတယ်။