ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းပြီး လောင်းကစားပွဲတွေ အကြီးအကျယ်ကျင်းပနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
လောင်းကစားပွဲမှာ လူစည်ကားဖို့အတွက်လည်း နာမည်ကြီး အဆိုတော်တချို့ကို ခေါ်ယူထားပြီး ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။
နမ့်စန်မြို့ခံတဦးက “လောင်းကစားပွဲတွေကို လက်နက်ကိုင်အဖွဲ့အစည်း တခုချင်းစီကနေ နာမည်ခံပြီး လုပ်နေကြတာ။ အခုထိ ရှိနေတုန်းနော်။ ပြီးတော့ လောင်းကစားပွဲမှာ လူစည်ဖို့အတွက် စတိတ်ရှိုးပွဲပါ ထည့်ထားတယ်။ ဝေလ၊ နီနီခင်ဇော်နဲ့ တခြားနာမည်ကြီး အဆိုတော်တွေပါတယ်။ တော်ရုံ တန်ရုံ အဆိုတော်တွေ မခေါ်ဘူး။ ပွဲကလည်း နေ့တိုင်း ရှိတာနော်။ အဆိုတော်တွေက သုံးရက်ကို တခါပြောင်းတယ်။ စတိတ်ရှိုးကို ဗန်းပြီပြီး လောင်းကစားပွဲတွေ လုပ်တာပေါ့။ အဆိုတော်တွေ လာလို့ရှိရင် လူတွေ လာကြမယ်လေ။ အဓိကက လောင်းကစားဝိုင်း လူစည်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
လောင်းကစားပွဲမှာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်ပိုင်းနဲ့ နာမည်ကြီးလောင်းကစားသမားတွေ မကြာခဏ ချိန်းဆိုပြီး လာရောက် ကစားကြတာ ရှိပါတယ်။
လောင်းကစားဝိုင်းဆီ ကိုယ်တိုင်သွားရောက်ခဲ့တဲ့သူတဦးက“နေ့တိုင်းဘဲ လာဆော့တဲ့သူတွေ ရှိတယ်။ ပြီးတော့ ချိန်းဝိုင်းတွေဆို အကြီးအကျယ်ဘဲနော်။ ရှမ်းတောင်မှာ နာမည်ကြီးတဲ့ လောင်းကစားသမားလက်ကြီးသမားတွေ ဖြစ်တဲ့ ဟဲဟိုးဘက်က လူတွေ၊ ပင်လုံဘက်က လူတွေနဲ့ နမ့်စန်ဘက်က လူတွေ ချိန်းပြီး ဆော့ကြတယ်။ အဲဒီအထဲမှာ စစ်တပ်က ဗိုလ်တွေနဲ့ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေလည်း ပါတယ်။ သူတို့က ချိန်းပြီး ဆော့ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တို့ပေါင်းပြီး လောင်းကစားပွဲနဲ့အတူ မူးယစ်ဆေးဝါးလည်း အလွယ်တကူရရှိနေတာကြောင့် လူငယ်တွေ ပျက်စီးနေရတယ်လို့ ဒေသခံ
လောင်းကစားပွဲကျင်းပတဲ့နေရာမှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ရရှိနေတာကြောင့် ပျက်စီးခဲ့ရတဲ့ လူငယ်တွေလည်းရှိလာပါတယ်။
“အဲဒီထဲ ရောက်သွားလို့ ရှိရင် အကုန်လုံးက open ပဲလေ။ အဲဒီထဲမှာတော့ လိုချင်တာ အကုန်လုံး ရတယ်။ မူးယစ်ဆေးဝါးက စျေးလည်းပေါတာကိုး။ စျေးပေါတော့ လူငယ်တွေက ဒါမျိုးလုပ်ချင်လို့ ရှိရင် ပွဲထဲ သွားလိုက်တာပဲ။ လူငယ်တွေဆိုရင် ကျနော်တို့မြို့က လူငယ်တွေသာမဟုတ်။ တခြားမြို့က လူငယ်တွေလည်း လာကြတယ်။ သူတို့က ညပိုင်းလာပြီး မိုးလင်းခါနီးမှ ပြန်ကျတာ” လို့ နမ့်ဆန်မြို့နေလူငယ်တဦးက ဒီဗွီဘီကို ပြောပါတယ်။
နမ့်ဆန်မှာ အရင်အစိုးရ လက်ထက်က လောင်းကစားပွဲတွေ လုပ်ခွင့်မရပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားပွဲတွေ လုပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
“ပိုဆိုးတာ ဘယ်သူမှ ဘာမှ မပြောရဲဘူး။ မြို့က လူတွေက ကြောက်တယ်။ မပြောရဲဘူး။ ပြောရကောင်းမှန်းလည်း မသိကြဘူး။ ဒါကိုလည်း လက်မခံတဲ့သူက လူနည်းစု ဖြစ်နေတာ။ လူများစုကတော့ ဒါဟာ မကောင်းတဲ့ အရာ တခု ဆိုတာကို လူငယ်တွေအကြားမှာ မမြင်တော့တာ။ ပြောရရင် ဒါတွေ မရှိရင် လူတွေက တခုခု လိုနေသလို ပုံစံမျိုးကို ဖြစ်နေပြီ။ လောင်းကစား ပွဲကြီးကလေ” လို့ ဒေသခံလူငယ်က ဆက်ပြောပါတယ်။
လောင်းကစားပွဲ ကျင်းပတဲ့နေရာက တောင်ကြီးမြို့အဝင် ရွှေငါးကန် အနီးအနားနဲ့ နမ့်စန်မြို့အကျော် သစ်ကွင်းအနီးအနားမှာ တည်ရှိပြီး ဘောလုံးကွင်း ၂ ကွင်းစာနီးပါး ကျယ်ဝန်းတဲ့ မြေနေရာမှာ စစ်ကောင်စီတပ်က ခွင့်ပြုပေးထားတဲ့ SSS ပြည်သူ့စစ်အဖွဲ့၊ နာရိုင်း ပြည်သူ့စစ်အဖွဲ့၊ မတ်ကျန်း ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့တို့က နာမည်ခံပြီး ပြုလုပ်နေ ကြတာ ဖြစ်ပါတယ်။