ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးအနီးမှာ မေ ၂၉ ရက် ညက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာမှာ လူနေအိမ်ခန်းတွေ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆင်ဖြူဈေးအနီး မင်္ဂလာမူဆယ် ကားလမ်းမပေါ် TOP ONE KTV နဲ့ကပ်လျက် ခြံဝင်းတစ်ခုအတွင်းကနေ မီးစလောင်တယ်လို့ ဒေသခံတွေကပြောပေမဲ့ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ သေသေချာချာ မသိရသေးပါဘူး။
မီးလောင်တဲ့ရပ်ကွက်နေ မူဆယ်ဒေသခံတဦးက “မီးလောင်တာက ကျနော်တို့ ရပ်ကွက်ထဲမှာဆိုတော့ ကျနော်တို့လည်း နိုင်သလောက်ကူဖို့ သွားပါတယ်။ မီးသတ်ကားက ၄ စီးလောက် ရောက်နေတယ်။ ခြံဝင်းထဲမှာ ရှုပ်ထွေးနေလို့ အထဲတော့ ဝင်လို့မရဘူး။ တချို့ မီးသတ်ကားလည်း အပြင်ကနေ ရေတွေနဲ့ လှမ်းပက်တယ်။ ဖယောင်းတိုင်မီး ထွန်းတာကနေ လောင်တယ်လို့ ပြောနေကြတယ်။”
မနေ့ည ၈ နာရီ ကျော်လောက်ကစလောင်ပြီး မီးလောင်ခဲ့တာမှာ ည ၉ နာရီမထိုးခင်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်တဲ့ အဆိုပါခြံဝင်းထဲမှာ နေအိမ်တန်းလျားတွေရှိရာမှာ အိမ်တွေကတော့ အခိုင်အခံ့ဆောက်တာ မဟုတ်ဘဲ တခါသုံးအိမ်၊ ယာယီပုံစံဖြစ်ပြီး ၂ ခန်းတွဲလောင်သွားကာ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ သိရဖို့ မူဆယ်ဗဟိုမီးသတ်ဌာနကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားပေးသူ မရှိပါဘူး။