ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ မြန်မာဘီယာအပါအဝင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က လိုက်လံစစ်ဆေးပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၂၈ ရက်က နမ္မတူမြို့နယ် PSLF/ TNLA တအာင်းအုပ်ချုပ်ရေးဌာနနဲ့ အမှတ် (၉၁၉)တပ်ရင်းတို့ ပူးပေါင်းပြီး မန်စံကျေးရွာရှိ စျေးဆိုင်တွေနဲ့ စားသောက်ကုန်ဆိုင်တွေမှာရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို လိုက်လံစစ်ဆေးဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
TNLA အဖွဲ့ကလိုက်လံစစ်ဆေးခဲ့ရာမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာအပါအဝင် တခြားစားသုံးကုန်ပစ္စည်းတန်ဖိုး ကျပ် ၁၀ သိန်းဖိုးကိုတွေ့ရှိ ဖျက်ဆီးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီထုတ်ကုန်တွေကို မန်စံကျေးရွာက စျေးဆိုင်တွေမှာ ရောင်းချခြင်း မပြုလုပ်ဖို့ PSLF/TNLA တအာင်းအုပ် ချုပ်ရေးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်စလို့ အသိပေးစာဖြန့်ဝေပြီးနောက် အခုလိုလိုက်လံစစ်ဆေး ဖျက်ဆီးတာတွေ ပြုလုပ်တာ လည်းဖြစ်ပါတယ်။
PSLF/ TNLA တအာင်းတပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းမီက မြန်မာစစ်တပ်နဲ့ TNLA တအာင်းတပ်တွေကြား နှစ်ရှည်တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။