ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီကျေးရွာအနီး ပုစွန်ကန်မှာ ငါးရှာတဲ့ ကလေးငယ် ၃ ဦး မေ ၂၉ ရက် ညနေ ၄ နာရီကျော်လောက်က ရေနစ်သေဆုံးသွားပါတယ်။
မောင်တောမြို့ မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်လှသိန်းက "ဟုတ်ပါတယ်။ ကလေးတွေက ရွာနားက ပုစွန်ကန်မှာ ငါးသွားရှာကြတာ။ ၃ ဦးလုံး ရေနစ်ပြီး သေဆုံးသွားတယ်။ မိုးရွာထားတော့ ပုစွန်ကန်တွေမှာ ရေလျှံနေတာကြောင့်ပါ” လို့ ပြောပါတယ်။
ရေနစ်သေဆုံးသွားသူတွေကတော့ အသက် ၇ နှစ်အရွယ် အာလိုဝါဆာမတ် (ဘ)အီလီယက်၊ အသက် ၉ နှစ်အရွယ် မကာဘူ(ဘ)ဂျာနော်အိန် နဲ့ အသက် ၁၀ နှစ်အရွယ် မရေဇူ(ဘ)ဂျာဘူရာမိန် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
"အဓိက ပြဿနာက မောင်တောဒေသက ပြည်သူတွေ အလုပ်အကိုင် အဆင်မပြေကြဘူး။ ကုန်စျေးနှုန်းက ကြီးမြင့်လာတော့ စားဝတ်နေရေးတွေ ခက်ခဲလာကြတယ်။ အဲဒါကြောင့် ကလေးတွေက ငါးရှာကြတယ်။ ရေမြင့်တက်နေတာမသိကြဘူး။ အဲ့ဒါကြောင့် အခုလို ရင်နာစရာတွေဖြစ်ကြရတာ" လို့ မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်နေ့ မနက်ပိုင်းကလည်း မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက် ဟိန္ဒူရွာသွားလမ်း ရှိကောင်းသန့် ထမင်းဆိုင်ရှေ့ရှိ ရေသိုလှောင် တွင်းငယ်အတွင်း လူငယ်တဦး ရေနှစ်သေဆုံးခဲ့ပါသေးတယ်။