Home
ဆောင်းပါး
လရောင်အောက်က ခွေးအများ
DVB
·
May 28, 2022
280669558_1386037165210710_7963925351939826568_n

(က)

စစ်တောင်းမြစ်ရဲ့ မျက်စောင်းထိုး တဖက်ကမ်းထိပ် ကျိန်တောမြောင် သုသာန်ကုန်းပေါ်တွင် လရောင်များ ဖွဲဖွဲဆုပ်ဆုပ် ကျနေလေသည်။ စစ်တောင်းမြစ်အတွင်း ခုန်ဆင်းချလာသည့် လမင်းသည် လအစင်းငယ်ပေါင်း ထောင်သောင်းချီပြီး ပွားထုတ်လိုက်၏။ လရောင်တချို့မှာ သောင်ပြင်ပေါ်တွင် လူးလှိမ့်နေ၏။ ဝါးတရိုက်ခန့် မရှိတရှိ ကမ်ပါးယံအောက်တွင်မူ အမှောင်ရိပ် သန်းနေလေသည်။

ယခုလို လရောင်အချမ်းသာဆုံး ညမျိုးဆိုလျှင် မည်သည့်အခါမှ ကျနော် အိပ်မပျော်နိုင်ပါ။ သောင်ပုရွာထိပ်တွင် ရှိသည့် တဲတလုံးထဲတွင် အိမ်သားအားလုံး အိပ်ပျော်နေကြပြီ ဖြစ်သည်။ အိပ်ရာထဲမှ ကျနော် ထလာခဲ့သည်။ တဲပေါ်က အသာအယာ ဆင်းလိုက်သည်။ စစ်တောင်းမြစ် ကမ်းနဖူးဘေးက လူသွားလမ်းလေးပေါ် ရောက်လာခဲ့သည်။ စစ်တောင်းမြစ်ကို ကျော်ကာ ကျိန်တောမြောင်သုသာန်ကုန်းဆီ လှမ်းကြည့်သည်။ လရောင်များမှာ သုသာန်ကုန်းပေါ်တွင် ငွေစ ရွှေစများကို ဖွဲဖွဲလွင့်လွင့် ကြဲချလျက်ရှိကြ၏၊ သုသာန်ကုန်းဆီကမူ ဘာသံမျှ မကြားရသေး။

လွန်ခဲ့သည့် ၄ ရက်ခန့်က ကျိန်တောမြောင်သုသာန်တွင် လူနှစ်ယောက်ကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြ၏။ အိမ်ထောင်ကျပြီး တလအကြာတွင် အရှေ့ရိုးမတောင်ခြေသို့ အင်ဖက်ကောက်သွားကြရာမှ ငှက်ဖျားမိပြီး ပြန်လာကြသည့် ငယ်ရွယ်သူ ဇနီးမောင်နှံနှစ်ဦး၏ အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြခြင်း ဖြစ်သည်။ ကျနော်နှင့် ရင်းနှီးခင်မင်သူများ ဖြစ်သဖြင့် အသုဘပို့သူများထဲတွင် ကျနော်လည်း ပါလာခဲ့၏၊ အသုဘပို့သူ ၁၀ ယောက်ခန့်သာ ရှိသည်။ လင်မယား နှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် တညသာ ခြားပြီး သေဆုံးသွားခဲ့ကြ၏။

လင်မယားနှစ်ယောက်စလုံးတွင် နှစ်ဘက်မိဘများလည်း မရှိကြ။ မောင်နှမသားချင်းများမှာလည်း နွမ်းပါးလွန်းကြ၏။ ထို့ကြောင့် အလောင်းနှစ်လောင်းစလုံးကို ဖျာနှင့်ပင်လိပ်ကာ အသုဘချခဲ့ကြ၏။ ကျိန်တောမြောင်သုသာန်ကုန်းထဲတွင် လူတစုသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။

“နောက်ထပ်လေးရက်ဆိုရင် လပြည့်တော့မယ် ဆရာလေး။ လူသေအလောင်းတွေကလည်း ရှိနေတော့ လပြည့်ညဆိုရင် ဒီသုသာန်ကုန်းထဲကို ခွေးအတွေ လာကြမှာ သေချာတယ်”

အလောင်းချထားသည့် ကျင်းထဲသို့ မြေကြီးခဲတချို့ ပစ်ချနေစဉ် ကျနော့်ဘေးက ရွာသားတယောက် ပြောခဲ့သည့်စကား။

သောင်ပုရွာထိပ် ကမ်းပါးယံပေါ်မှတဆင့် မျက်စောင်းထိုးတဖက်ကမ်း ကျိန်တောမြောင် သုသာန်ကုန်းဆီ အာရုံစိုက်ပြီး ကြည့်သည်။ အာရုံစိုက်ပြီး နားထောင်သည်။ မည်သည့် အရိပ်အယောင်ကိုမျှ မမြင်ရ။ မကြားရ။

ကမ်းပါးယံပေါ်မှ ဆင်းကာ မြစ်ထဲက သောင်ပြင်ပေါ် ကျနော် ရောက်လာခဲ့သည်။ ရေစပ်နှင့် ငါးလှမ်းမျှအကွာတွင် ရှိသည့် ကုက္ကိုပင်မြစ်ဆုံကြီးပေါ်တွင် အကျအန နေရာရွေးကာ ထိုင်လိုက်သည်။ လရောင်များမှာ စစ်တောင်းမြစ်ထဲသို့ အုံနှင့်ကျင်းနှင့် ဆင်းချလာနေကြပြန်သည်။

(ခ)

မဒေဝီသည် ကျနော့်ကို မကြည့်ဘဲ အိပ်ပျော်နေကြပြီဖြစ်သည့် သားသုံးယောက်ဘေးတွင် ယပ်ခပ်ပေးလျက် ရှိ၏။ ကျနော်ကလည်း မဒေဝီကို မျက်နှာချင်းမဆိုင်မိအောင် သတိထားပြီး နေနေမိသည်။ ယခုဆိုလျှင် ည ၈ နာရီထိုးခါနီးပြီ ဖြစ်သည်။ နာရီကို ကြည့်ကာ ကျနော့်စိတ်တွေ လေးလံလျက်ရှိသည်။ သည်ကြားထဲ မဒေဝီနှင့်လည်း မျက်နှာချင်းဆိုင်ထိုင်ပြီး စကားမပြောရဲ။ ထို့ကြောင့် ထမင်းစားခုံကို အဝတ်စုတ်ဖြင့် ပြောင်စင်အောင်သုတ်ကာ စားပွဲဘေးတွင် စာထိုင်ရေးချင်ယောင်ဆောင်နေခဲ့ရ၏။

စားပွဲဘေးတွင် ထိုင်နေရင်း ကျနော့်စိတ်ထဲ စိုးရိမ်စိတ်ကို ဖြေသိမ့်နိုင်ဖို့သာ ကြိုးစားနေရပြန်သည်။ အကယ်၍များ ကျနော် ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်ခဲ့လျှင် ... ။

မဒေဝီဘက်သို့ မသိမသာ အကဲခတ်သလို လှမ်းကြည့်မိပြန်သည်။ မဒေဝီသည်လည်း ကျနော် တွေးသလို ကျနော် စိတ်ပူသလို ဖြစ်နေလိမ့်မည်ကို ကျနော် အတပ်သိသည်။

ဒီကနေ့ နေ့လယ်ပိုင်းက ကျနော်သည် စက်လှေတစင်းပေါ်တွင် မတ်တတ်ရပ်နေခဲ့သည်။ လက်ထဲတွင် စကားပြောခွက်ကို ကိုင်ထားခဲ့၏။ စက်လှေဆရာက သောင်ပုရွာဘက်သို့ စက်လှေဦးကို လှည့်ကာ စက်လှေကို ဖြည်းဖြည်းသာ မောင်း၏။

“သောင်ပုရွာ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား၊ သောင်ပုရွာက အဖိနှိပ်ခံ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား၊ အခု ဒီအချိန်ကစပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆ နှစ်လုံးလုံး ကျနော်တို့အပေါ် ဖိနင်းထားတဲ့ ပါတီကောင်စီ စနစ်ဆိုးကြီးကို ကျနော်တို့ တွန်းလှန်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီး ပါတီကောင်စီတွေရဲ့ အမိန့်သြဇာအာဏာ ဟူသမျှကို ကျနော်တို့ သပိတ်ကော်မတီက သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီး စစ်တောင်းမြစ်အရှေ့ဘက် အနောက်ဘက်ကမ်းမှာ ရှိကြတဲ့ ကျေးရွာ တောင်သူလယ်သမားအားလုံး ပါတီကောင်စီ စနစ်ဆိုးကြီး လက်အောက်က လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ အခုလို သပိတ်ကော်မတီရဲ့ ကြေညာချက်ကို ထောက်ခံတယ်ဆိုရင် ဒီကနေ့ည ၉ နာရီတိတိအချိန်မှာ ပါတီကောင်စီ မကောင်းဆိုးဝါး စနစ်ဆိုးကြီးကို မောင်းထုတ်တဲ့အနေနဲ့ သံပုံးတီးကြပါလို့ ကျနော် တပ်လှန့် နှိုးဆော်ပါတယ် ခင်ဗျား”

ယခုအချိန်ထိ ကျနော့်နားထဲတွင် ဓာတ်စက်က ထွက်ပေါ်လာသည့် ကျနော့်အသံနှင့် စက်လှေသံများကို ခပ်သဲ့သဲ့ ကြားနေရသေး၏။ ရှစ်နာရီခွဲသောအခါ တဲပေါ်တွင်ထိုင်ပြီး မနေနိုင်တော့။ တဲအောက်သို့ ဆင်းလိုက်သည်။ တဲရှေ့က မြေကွက်လပ်တွင် ထွက်ပြီး မတ်တတ်ရပ်သည်။ လေကို ဝအောင်ရှူရှိုက်သည်။ သောင်ပုတရွာလုံး ထူးထူးခြားခြား တိတ်ဆိတ် ငြိမ်သက်လွန်းသည်ဟု ထင်မိသည်။

ကွက်လပ်ပေါ်တွင် ရပ်နေရင်းမှာပင် သစ်ပင်ထိပ်ဖျားပေါ် မေးတင်လာသည့် လမင်းကြီးကို ကျနော် တွေ့လိုက်ရ၏။ ကျနော့်ခန္ဓာကိုယ်တခုလုံး သွေးများ ဆူပွက်လာကာ ခွန်အားများ ပြည့်လာရ၏။ ကျနော့်အပေါ်… ကျနော်နှင့် နောက်က တဲခေါင်မိုးပေါ်… မြေကွက်လပ်ပေါ်… သောင်ပုတရွာလုံးအပေါ် လရောင်များ တစတစ လွှမ်းခြုံလာခဲ့၏။

မည်သည့်ရွာ မည်သည့်ဒေသကမှန်း မသိ။ အလွန်မတန် ကွာဝေးလှသည့် တနေရာမှ မိုးခြိမ်းသံသဲ့သဲ့ ကြားရသလို ရှိသည်ဟု ထင်မိနေစဉ် မိုးခြိမ်းသံများမှာ လှိုင်းလုံးများပမာ ဆင့်ကာဆင့်ကာ နီးလာ၏။

ကျနော့်လက်ထဲက ဒန်အိုးအဖုံးတချပ်ကို တုတ်တချောင်းနှင့် ရိုက်နေစဉ် တဲကလေးဆီ လှမ်းကြည့်မိသည်။ တဲပေါက်ဝတွင် သားသုံးယောက်ကို ဖက်ကာ အံ့သြတုန်လှုပ်စွာ ရပ်နေသည့် မဒေဝီတို့ သားအမိတတွေကို လရောင်အောက်တွင် အထင်းသား တွေ့ရ၏။

လရောင်များသည် သံပုံးတီးသံများနှင့်အတူ ရောက်လာခဲ့လေပြီ။

(ဂ)

“ကျနော်ကတော့ သပိတ်စခန်းကို ခဏတဖြုတ်ပဲဖြစ်ဖြစ် ဖျက်စေချင်တယ်။ မနက်ဖြန်မနက်ကျရင် တောင်ငူအထိ ကျနော် သွားပြီး ဟိုမှာရှိတဲ့ သပိတ်အင်အားစုတွေနဲ့ တိုင်ပင်ကြည့်မယ်။ လောလောဆယ်မှာတော့ သပိတ်ကော်မတီဝင်တွေ၊ ဝိုင်းဝန်း ဝန်းရံပေးကြသူတွေအားလုံး နိုးနိုးကြားကြား စည်းစည်းလုံးလုံး ရှိမှရမယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာပဲ အတိအကျ သိရသေးတယ်။ ဒါမှမဟုတ် အားလုံးဝိုင်းစဉ်းစားပြီး လုပ်သင့်တာ ဆုံးဖြတ်ချက်ချပြီး လုပ်ကြတာပေါ့”

ကျနော့်စကားအပေါ် မူတည်ကာ ရေအိုးစင်ကျေးရွာအုပ်စု သပိတ်ကော်မတီဝင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြ၏။ ညနေ ၅ နာရီခန့်တွင် ရေအိုးစင်ကျေးရွာအုပ်စု သပိတ်စခန်းကို ယာယီအားဖြင့် ဖျက်သိမ်းရန်၊ ကျေးရွာ ၅ ရွာ လုံခြုံအေးချမ်းရေးအတွက် ဆက်လက် တာဝန်ယူထားရန်၊ နှစ်ရက်အတွင်း သတင်းအချက်အလက်များ စုစည်းပြီးနောက် သပိတ်ကော်မတီ အစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။ ထို့နောက် သပိတ်စခန်းကို ဖျက်သိမ်းခဲ့ကြ၏။

ထိုနေ့ညနေက ကျနော့်မှာ ထမင်းမျိုမကျနိုင်အောင်ပင် ကြေကွဲနေမိသည်။ သပိတ်ကော်မတီဝင်များ၏ လုံခြုံရေးအတွက် စိတ်မချနိုင်အောင် ဖြစ်မိသည်။

စစ်တပ်က အာဏာသိမ်းယူသည့်သတင်းမှာ ရေအိုးစင်ကျေးရွာအုပ်စုအတွင်း မကောင်းဆိုးဝါး သတ္တဝါတကောင် ဝင်ရောက်ဖြတ်သန်းသွားသလို ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့်တိုင် ကောင်းကင်ပေါ်က တိမ်ထုအပြောင်းအလဲကို ကျနော်တို့အားလုံး ရိပ်စားမိခဲ့ကြ၏။ စစ်တပ်သည် လူထုဘက်သို့ သေနတ်ပြောင်းလှည့်ခဲ့ပြီလောဟု သံသယဝင်ခဲ့ကြ၏။

သောင်တန်းရွာထိပ်က စစ်တပ်ဂိတ်စခန်းကို စောင့်ကြည့်အကဲခတ်နေရန် လူငယ်တချို့ကို တာဝန်ပေး၏။ ကျနော်နှင့် သပိတ်စခန်းကော်မတီတခုလုံး သတိဝီရိယထားပြီး အိပ်ကြရန် အချင်းချင်း သတိပေးခဲ့ကြ၏၊ လူနည်းစုကလွဲပြီး တရွာလုံးလိုလို မည်သူမျှ မျက်နှာမကောင်းကြတော့။ မည်သူမျှ စိတ်မချမ်းသာနိုင်ကြတော့။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် အခွင့်အရေးကို ပြန်လည်ဆုံးရှုံးရတော့မည်လောဟု လူတိုင်း စိုးရိမ်လာကြရ၏။

ကျနော့်တဲကလေးရှေ့က မြေကွက်လပ်ပေါ်တွင် လူတချို့ ဝိုင်းဖွဲ့ထိုင်ရင်း ညဉ့်နက်လာခဲ့၏။ မည်သည့်အတွက်ကြောင့်ရယ် မသိ။ လူတိုင်းလိုလို စကားများများ မပြောမိကြ။ ကျယ်ကျယ်မဟမိကြ။ ဟက်ဟက်ပက်ပက် မရယ်မောနိုင်ခဲ့ကြ။

မဒေဝီသည် လူအုပ်ထဲသို့ ရေနွေးကြမ်းအိုး တအိုးပြီးတအိုး လာချပေးရင်းက ညဉ့်နက်လာသောအခါ တဲပေါက်ဝ၏ အဆင်းအတက်ဘေးမှာပင် ကျုံ့ကျုံ့လေးထိုင်ရင်း အိပ်ပျော်နေသည့် သားသုံးယောက်ကို ယပ်ခပ်ပေးနေခဲ့၏။ တဲပေါက်ဝ မီးခွက်မီးရောင်အောက်မှ မဒေဝီ၏ မျက်လုံးများကို ကျနော် ဖတ်ရှုနိုင်ဖို့သာ ကြိုးစားနေမိပြန်သည်။

လရောင်မှာ တဲရှေ့က ကွက်လပ်ပေါ် တာကျိုးသလို သွန်ကျလာခဲ့၏။ လရောင်အောက်က လူတစုသည် ငြိမ်ချက်သားကောင်းလွန်းလှ၏။ မည်သူမျှ စကားမပြောနိုင်ကြ။ တယောက်၊ နှစ်ယောက်က ဖျာကြမ်းပေါ်တွင် ပက်လက်လှန် လဲလျောင်းရင်း လရောင်များကို မော့ကြည့်နေကြ၏။

ကျနော်သည် တဲရှေ့ကွက်လပ်ထိပ်တွင် ခြေစုံရပ်နေမိသည်။ ကျနော့်နားထဲတွင် ညနေပိုင်း ရေဒီယိုမှ ကြားခဲ့ရသည့် ကြေညာချက်ကို ကြားရတချက် မကြားရတချက် ဖြစ်နေသေး၏။

ယခုလိုအချိန်မျိုးတွင်မှ ကျနော်သည် လရောင်များကို ပိုမိုတမ်းတ ချစ်မက်နေမိပြန်သည်။

(ဃ)

ကျနော်သည် လရောင်များကို စွဲလမ်းစွာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်များအားလုံး မည်သူမဆို လရောင်အောက်၌ ပျော်ရွှင်စွာကခုန်ရင်း ကြီးပြင်းလာကြလိမ့်မည်ဟု ကျနော် ယုံကြည်သည်။ လရောင်အောက် လူသား၏ ရင်ခုန်သံများကို ဖွဲ့ဆိုသည့် ပုံပြင်များစွာ ရှိခဲ့လိမ့်မည်။ လရောင်နှင့်အတူ လူသားအားလုံး ငြိမ်းချမ်းမွှေးမြစွာ နေထိုင်နိုင်ကြ၏။

သစ်မြစ်ဆုံကြီးပေါ်တွင် ထိုင်ရင်းက စစ်တောင်းမြစ်၏ ရေပြင်ပေါ်က လရောင်များကို ကျနော် ငေးကြည့်သည်။ လရောင်များမှာ လေတချက်အဝှေ့တွင် ရေပြင်ပေါ် အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ ပြန့်ကျဲသွားကြရ၏။ ပြန့်ကျဲသွားသည့် လအစင်းငယ်များစွာကို လမင်းသည် ပြန်လည်ဆက်စပ် ဖာထေးနိုင်ဖို့သာ ကြိုးစားရပြန်လေသည်။

လရောင်အောက်က စစ်တောင်းမြစ် သောင်ပြင်ပေါ်တွင် ကျနော်တယောက်တည်း ရှိနေသည်။ လူသားအားလုံး အိပ်ပျော်နေကြပြီ။ လရောင်များဖြင့် သွန်းခတ်ထားရှိသည့် စစ်တောင်းမြစ်ကြီးကို ပခုံးနှင့်ထမ်းကာ ကျနော့်ဘဝတလျှောက်လုံး သယ်ယူသွားချင်လောက်အောင် ခံစားတပ်မက်လာရပြန်သည်။ ထိုစဉ်အခိုက်တွင် ကျိန်တောမြောင်သုသာန်ကုန်းဆီက အရိပ်မည်းမည်းတချို့ ကမ်းပါးယံထိပ်တွင် မြင်ရသလို ရှိလိုက်၏။ ရုတ်တရက် စိတ်ချောက်ချား တုန်လှုပ်စွာ သုသာန်ကုန်းထိပ်ကို စိုက်ပြီး ကြည့်သည်။ အရိပ်မည်းမည်းတချို့သည် သုသာန်ကုန်း ကမ်းပါးယံထိပ်တွင် တန်းစီပြီး ရပ်နေကြပြီ။ ကျနော်က အသက်မရှူဘဲ အရိပ်မည်းမည်းများကို စူးစိုက်ပြီး ကြည့်နေမိစဉ် ခွေးအအူသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ခွေးအများသည် ကျိန်တောမြောင်သုသာန်ကုန်း လရောင်အောက်တွင်ရပ်ကာ လရောင်များကို မော့ကြည့်ကာ လရောင်များကို ကျိန်ဆဲ ပြစ်တင်နေကြသည်လောဟု ကျနော်တွေးမိသည်။

ထိုအချိန်၌ “ခွေးအများသည် လရောင်များကို မုန်းတီးတတ်ကြလေ၏” ဟူသော သိုးဆောင်းစကားပုံ တခုကို ကျနော် သတိရလာမိလေသည်။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

- ၁၉၈၈ ခု၊ သြဂုတ်လ၏ လွမ်းမောဖွယ်နေ့ရက်များသို့....

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024