ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ဖုန်းအရောင်းဆိုင်တဆိုင်ကနေ ကာလတန်ဖိုး စုစုပေါင်း ကျပ် သိန်း ၃၀၀ လောက်တန်ဖိုးရှိတဲ့ ဖုန်း ၁၈ လုံးလောက် သေနတ်ထောက် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်ထံက သိရပါတယ်။
မေ ၂၇ ရက် မနက် ၉ နာရီကျော်က iPhone အမျိုးအစားတွေ ရောင်းတဲ့ “ i Center” မိုဘိုင်းဖုန်းအရောင်းဆိုင်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား နှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ပိုင်ရှင်အပြင်သွားနေချိန် ဆိုင်ဝန်ထမ်းဆီက ဓားပြတိုက်ခဲ့တာလို့ ဆိုင်ရှင်က ပြောပါတယ်။
“လူ နှစ်ယောက် ကျနော်နာမည် မေးပြီး လာကြတာ။ ဆိုင်က ကောင်လေးက ကျနော်အသိလို့ ထင်ပြီး ဖုန်းတွေ ထုတ်ပြတယ်။ နောက်တော့ ကောင်လေးကို တိပ်တွေနဲ့ လက်ကို ပတ်ပြီး ဆိုင်နောက်မှာ ထားထားတယ်။ ပါလာတဲ့နောက်တယောက်က ကျောပိုးအိတ်ထဲ ဖုန်းတွေ အကုန်ထည့်ပြီး ယူသွားတာ။ သေနတ်ကတော့ ပစ္စည်တို အစစ်လို့ ယူဆရတာပဲ။ ဆိုင်က CCTV ကလည်း ပျက်နေတာ။ ဝန်ထမ်းတွေက ပုံမှန်ဆို ၃ ယောက်လောက်ရှိတာ။ အခု ရဲစခန်းမှာ တိုက်ချက်ဖွင့်ထားတယ်။”
မေ ၂၆ ရက်မနက်ကလည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ အမျိုးသား တယောက် ဆိုင်ကယ် လုယက်ခံရပြီး လည်ပင်း ဓားထိုးခံရကာ သေဆုံးသွားခဲ့ပြီး မတ် ၂၄ ရက်ကလည်း ရမ်ပူရပ်ကွက်မှာ သံတိုသံစလိုက်ဝယ်တဲ့ အမျိုးသမီး တယောက်ကို လုယက်ရာမှ ဓားနဲ့ထိုးခဲ့လို့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။