စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက် မော်တော်နဲ့ အထက်ပိုင်းကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေကို မင်းကင်းနဲ့ တန့်ဆည် PDF တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
မေ ၂၅ ရက်မနက် ၉ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီရဲ့ ရေယာဉ် သုံးစီးကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတွေ ဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းကင်းတပ်ရင်း (၁)၊ မင်းကင်းပကဖ ၊ TPC (Taze People Comrades) နဲ့ SAF ( Special Attacking Force) တို့ ပူးပေါင်းမဟာမိတ်စစ်ဆင်ရေးအနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPC ရဲ့ တာဝန်ခံက “လောလောဆယ် မြေပြင်အခြေအနေကတော့ ကျနော်တို့က အဲဒီနေ့မှာ တိုက်ပွဲတိုက်တယ်၊ တိုက်ပြီးတော့ ကျနော်တို့အကုန်လုံး အောင်အောင်မြင်မြင်ပဲ ပြန်ခေါက်လာတယ်။ အခုတော့ ကျနော်တို့ ဌာနေ အကုန်လုံး ပြန်ရောက်ပြီးတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြစ်နေပြီဗျ၊ သူတို့ကလည်း မြစ်ကြောင်းကနေ စုန်တာဆိုတော့ သူတို့စုန်ပြီးသွားတာနဲ့ ကနီနယ်ဘက်ကို သွားတာဆိုတော့ ကနီနယ်ဘက်ကအဖွဲ့တွေတော့ ဆက်တိုက်နေတယ်ပေါ့၊ ကျနော်တို့ ဘက်ကတော့ ငြိမ်သွားပြီဗျ၊ လောလောဆယ်တော့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ချင်းတွင်းနယ်တလျှောက် ကျေးရွာတွေမှာ လူနေအိမ်တွေကို မီးရှို့တာ၊ ဖမ်းဆီးရမိသူတွေကို သတ်ဖြတ်တာတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TPCရဲ့ တာဝန်ခံက “ကျနော်တို့ တန့်ဆည်နယ်မှာလည်း ကျနော်တို့ နယ်မြေထဲမှာ မီးမရှို့ခံရတဲ့ ရွာဆိုတာတော်တော်ကို နည်းသွားပြီဗျ၊ ပျူရွာတစ်ရွာဘေးမှာ NLD ထောက်ခံတဲ့ ရွာတစ်ရွာ ရှိတယ်ဆို သူတို့က အဲဒီရွာကို ဝင်သိမ်းတယ်၊ ပြီးရင် ရွာလုံးကျွတ် မီးရှို့တယ်။ အဲဒီလိုမျိုးတွေ လုပ်နေတယ်” လို့ ပြောပါတယ်။