မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တကောင်း-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “မြေပြင်မှာ သူတို့အင်အားက ၁၀၀ နီးပါးလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းကနေ အပြင်းအထန် ခုခံနေတဲ့ကြားက တကောင်းမြို့ကို ကျနော်တို့ PDF တပ်ပေါင်းစုတွေ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပါပြီ” လို့ DVB ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဟာ တကောင်းမြို့မှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို ဩဂုတ် ၁၁ ရက် မနက် ၅ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦ တချို့တော့ ပျက်စီးသွားကြတာတွေ ရှိသလို ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရခဲ့တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
တကောင်းမြို့သိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
သြဂုတ် ၁၁ ရက်က တကောင်းမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ တကောင်းမြို့ခံတဦးက “မြို့ပေါ်ကနေ ထွက်ပြေးသွားကြသူတွေလည်း ရှိတယ်။ နည်းပါတယ်။ မြို့ပေါ်မှာ စစ်သားတွေ ရဲတွေ မရှိတော့ဘူး။ မြို့ခံတွေလည်း ကျနော်တို့မြို့လေး စစ်တပ်လက်အောက်က လွတ်သွားလို့ ပျော်နေကြတယ်။ PDF ကလေးတွေကိုလည်း ကျေးဇူးတင်တယ်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ပျက်စီးသွားတဲ့ အဆောက်အဦတွေထက်စာရင် စစ်ကျွန်ဖြစ်နေရတာက ပိုဆိုးတယ်။ အားလုံး အသစ်ပြန်ဆောက်လို့ ရပါတယ်။ လူမသေ ငွေမရှားပါဘူးဗျာ” လို့ ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးက မြို့တမြို့ဖြစ်တဲ့ တကောင်းမြို့ဟာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကြားမှာ တည်ရှိပြီး မြို့ပေါ်လူဦးရေ ၈,၀၀၀ ကျော်နဲ့ ကျေးလက်နေလူဦးရေ ၂၇,၀၀၀ ကျော် နေထိုင်နေတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။