စောထော့လေးဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၆ ရက် ဒီမနက် နေပြည်တော်မှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေတင်ပြခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသတွေပါမကျန် ပညာရည်မြှင့်တင်ရေးကိစ္စ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်းတက်ရောက်ကြပြီး KNU/KNLA(PC)ဘက်က ဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနဲ့ ဗဟိုကော်မတီဝင် စောမောင်မောင်တို့လည်း တက်ရောက်ကြပါတယ်။
KNU/KNLA(PC)ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုတက်ရောက်ဖို့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။
ဒီအဖွဲ့တွေထဲမှာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ ပါဝင်ပါတယ်။