ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာတွင်းကို မေ ၂၀ ရက် မနက် ၁၂ နာရီလောက်ကစတင်ပြီး စစ်ကောင်စီရဲ့တပ်နဲ့ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၃၅၁၊ ခမရ ၄၃၉၊ ခလရ ၆၀၊ ပျူစောထီးနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေကို တပ်ရေးဗိုလ်ကြီး ဇေယျာလင်း ဦးဆောင်ကာ ညောင်ကုန်းကျေးရွာမှာအခြေချပြီး နရွဲပင်ကျေးရွာအတွင်း မွန်းတည့် ၁၂ နာရီလောက်ကစတင်ပြီး ၃ နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်စတဲ့ လက်နက်ပေါင်းစုံနဲ့ ပစ်ခတ်ခဲ့သလို ည ၁၂ နာရီအထိ မိနစ် ၃၀ ခြားတကြိမ် ပစ်ခတ်ခဲ့တာပါ။
အဆိုပါပစ်ခတ်မှုကြောင့် နရွဲပင်ကျေးရွာသားတွေဖြစ်တဲ့ စောထွန်းသစ္စာ(၁၆ နှစ်)ရဲ့ လည်ပင်းမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့သလို စောထွန်းထွန်းဆက် (၃၈ နှစ်)ဟာ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံကျေးရွာသားတွေရဲ့ ဆိတ် ၂ ကောင်နဲ့ နွား ၁ ကောင် ထိခိုက်သေဆုံးခဲ့ပါတယ်။
နရွဲပင်ကျေးရွာသားတဦးက “ကျနော်တို့ရွာကို လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ တညလုံးပစ်တာ။ စစ်မြေပြင်လို့ပဲ။ ကျနော်တို့မှာ ဘာအပြစ်ရှိလို့လဲ။ အပြစ်မရှိတဲ့ ပြည်သူတွေက အပြစ်လုပ်ထားသလို စစ်တပ် လုပ်သမျှခံနေရတယ်။ ပြည်သူတွေရဲ့ဘဝက ဘယ်အချိန်မှအေးချမ်းမှာလဲ” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် နရွဲပင်ကျေးရွာ၊ ညောင်တန်းကျေးရွာနဲ့ ကြို့ကုန်းကျေးရွာက ဒေသခံအရပ်သားပြည်သူ ၁၁၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၁၊ ၂၊ ေ၊ ၆ အတွင်းက စစ်ကောင်စီတပ်စခန်းတွေ သတ်မှတ်ရက်အတွင်း အပြီးထွက်ခွာပေးဖို့ သတိပေးထုတ်ပြန်ကြေညာထားပေမယ့် ထွက်ခွာမပေးတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ သောင်းကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။