ဧရာဝတီတိုင်း၊ မြောင်းမြမြို့အနီးမှာ မေလ ၂၁ ရက် ဒီမနက်ပိုင်းက လပွတ္တာကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပါတယ်။
လပွတ္တာ-ရန်ကုန် ပြေးဆွဲတဲ့ ချမ်းမြေအေး ခရီးသည်တင်ကားဟာ လပွတ္တာကနေ ထွက်လာပြီး မြောင်းမြမြို့ ရောက်ကာနီးမှာ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာကြောင့် ခရီးသည်တွေ ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတ အသင်းဖွဲ့ဝင်တဦးက ပြောပါတယ်။
“မိုးရွာထားတဲ့အရှိန်နဲ့ လမ်းဘေးထိုးကျသွားတာထင်တယ် လပွတ္တာနဲ့ မိုင်၄၀ လောက်ဝေးတဲ့နေရာမှာဖြစ်တာ။ ကျနော်တို့အသင်းကို လှမ်းဖုန်းဆက်တယ်။ သွားမကူနိုင်တော့ဘူး သူဖြစ်တဲ့ နေရာက မြောင်းမြနဲ့ နီးသွားတော့ မကူနိုင်တော့ဘူး။ မြောင်းမြက အဖွဲ့တွေ ကူပေးပါတယ်။”
ခရီးသည်တင်ကား လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာကြောင့် လူသေဆုံးသူမရှိပေမဲ့ လိုက်ပါတဲ့ခရီးသည် ၅ ဦးလောက် ဒဏ်ရာရရှိခဲ့ပြီး အားလုံးကို မြောင်းမြဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
လပွတ္တာ - မြောင်းမြကားလမ်းဟာ လမ်းကျဉ်းပြီး မိုးတွင်းဘက်မှာ လမ်းချော်လေ့ရှိတာကြောင့် မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။