မကွေးတိုင်း၊ ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီကနေ့ မေ ၂၀ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာလောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
ပေါက်မြို့နယ် မီးသတ်ဦးစီးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ကြပ် သန့်ဇင်ဖြိုး၊ တပ်ကြပ် ရဲဝင့်ကိုကို၊ ဒုတပ်ကြပ် ဟိန်းချစ်အောင်နဲ့ တပ်သား စည်သူကျော်တို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပေါက်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"အဲဒီကလေးတွေက ပေါက်မြို့နယ်ဇာတိဖြစ်ပြီး CDM လုပ်ထားတာတော့ မရှိဘူးဗျ။ ကူညီတယ်၊ မကူညီဘူးဆိုတဲ့ အပိုင်းကိုတော့ ကာယကံရှင်တွေပဲ သိမယ်။ ဒီကိစ္စကတော့ သူတို့ ဌာနတွင်း မနာလိုစိတ်တွေနဲ့ အချင်းချင်း ချောက်တွန်းတာဘဲဗျ။ စစ်(…) တွေကတော့ အပြစ်မဲ့ ပြည်သူတွေကိုလည်း အကြောင်းအမျိုးမျိုးရှာပြီး မတရားဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေကြတာပဲ။"
စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတခုမှာတော့ အဲဒီ မီးသတ်ဝန်ထမ်း ၄ ယောက်ဟာ အကြမ်းဖက် PDF အဖွဲ့ကို သတင်းပေးတာ၊ PDF သင်တန်းတက်မယ့်သူတွေကို လိုက်လံပို့ဆောင်ပေးတာ၊ ဖုန်းဘေလ်ထည့်ပေးတာ၊ ဓာတ်ဆီနဲ့ တောစီး ပြောက်ကျားဖိနပ် ကူညီပေးတာတွေကို စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးအရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။
မကွေးတိုင်းအတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း အခုလအတွင်း စစ်ကောင်စီ တပ်သားတွေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးနေသလို အပြစ်မဲ့ပြည်သူ ၅၀ ကျော်လောက်ကိုလည်း နည်းအမျိုးမျိုးနဲ့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။