မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းမဘေးရှိ ရွှေပြည်ရဲကင်းစခန်းမှာ မေလ ၂၀ ရက် မနက်အစောပိုင်း ၁ နာရီလောက်က အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွှေပြည်ရဲကင်းစခန်းကို စဉ့်ကူးမဟာမိတ်အဖွဲ့တွေနဲ့ မတ္တရာကပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ နှစ်ဘက်ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
စဉ့်ကူးမြို့နယ်မှာနေထိုင်သူတယောက်ကတော့ “ဖြစ်တာကတော့ မနက်ပိုင်း ၁ နာရီလောက်က အပြန်အလှန်ပစ်တာ။ ၆ ဦးလောက် သေတယ်လို့လည်း ပြောနေကြတယ်။ အတိအကျတော့ မသိဘူး။ စစ်ကောင်စီကလူတွေ ရမ်းပစ်လို့တော့ ပြည်သူတစ်ယောက် လက်မောင်းထိသွားတယ်။ သူ့ကို ကားနဲ့ ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
ပစ်ခတ်မှုအပြီး ရေမြောင်းအတွင်းမှာ AK47 ကျည်အိမ် ၂ ခု၊ ကျည်ခွံ ၃၀၀ ခု၊ မပစ်ရသေးတဲ့ ကျည် ၉ တောင့်၊ ၅ ဒသမ ၅၆ ကျည်ခွံ ၁၀ ခု၊ M16 ကျည်အိမ် ၁ ခု M22 ကျည်အိမ် ၁ ခု၊ ရဲကင်း အတွင်းရှိ သဲဘန်ကာအား ပစ်ခတ်ခဲ့တဲ့ မကွဲသေးသော 91 ဗုံးသီး ၁ လုံးတို့ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတဦးထံက သိရပါတယ်။