မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေဖြစ်လို့ အနီရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက မုန်တိုင်းငယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့ အနောက် တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို့ရဲ့ တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့ရဲ့ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ခရမ်းမြို့ရဲ့ အရှေ့ တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေဖြစ်လို့ အနီရောင်အဆင့်ဟု သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၂)မိုင်နှုန်းလောက်ဖြစ်ပါတယ်။
အဆိုပါ မုန်တိုင်းငယ်(Depression)ဟာ နောက် ၆ နာရီအတွင်း အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မွန်းလွဲမှ မေလ ၂၁ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါတယ်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာနဲ့အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြပါဖို့ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောတွေအနေဖြင့်လည်း ကြိုတင်သတိပြုဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။