ရေး-မော်လမြိုင်သွားကားလမ်းရှိ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ စာသင်ကျောင်းအနီးမှာ မေ ၂၀ ရက် နေ့လယ်လောက်က ခရီးသည်တင် မှန်လုံယာဉ် ရွှေလရောင်ကားနဲ့ Vigo Hilux ယာဉ် မျက်နှာချင်းတိုက်မိပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သွားတဲ့ ခရီးသည်တင် ရွှေလရောင် Express ယာဉ်က ရှေ့ကသွားနေတဲ့ ခရီးသည်တင် Express ယာဉ် ၂ စီးကို ကျော်တက်ရာက တဖက်ယာဉ်ကြောကို ရောက်သွားပြီး အခုလို လမိုင်းဘက်ကနေလာတဲ့ ယာဉ်နဲ့ တိုက်မိခဲ့တာပါ။
ယာဉ်နှစ်စီးတိုက်မိရာ Vigo Hilux ယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၊ ကလေးငယ် ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး သံဖြူဇရပ်ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်တယ်လို့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေး-မော်လမြိုင်သွား ကားလမ်းမမှာ ယာဉ်မဆင်မခြင် မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေမှာ ၂၀၂၁ ခုမှ ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး ၁ ဒါဇင်နီးပါးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။
အခုလို မိုးတွင်းဘက်ရောက်လာတာနဲ့အမျှ ယာဉ်မောင်းတွေ ကားကို သတိရှိစွာ မောင်းနှင်ကြဖို့၊ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လေးစားလိုက်နာကြဖို့ လိုအပ်တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။