စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုလ်ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်တပ်သားတွေက မေ ၁၈ ရက်ကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ကုက္ကိုလ်ကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာ ၁၅ ရက်လောက် ရှိပြီဖြစ်ပြီး မေ ၁၄ ရက်ကလည်း တိမ်းရှောင်ရာတောထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
"အခုတော့ သူတို့နဲ့ဝေးတဲ့နေရာကို ရောက်နေတယ်။ အစကတော့ တောထဲမှာ ဆောက်ထားတဲ့ ယာယီစစ်ရှောင်တဲတွေဆီ ပြေးကြတာ။ အဲဒီပြေးတဲ့ဆီကို သူတို့က လေယာဉ်တွေနဲ့ပစ်လို့ ပြန်ပြီးပြေးကြရတာ။ ခက်ခဲတာကတော့ ပြောပြလို့တောင် ကုန်မှာမဟုတ်ဘူး။ တော်တော်ခက်ခဲတယ်။ ဆန်တွေ ဆီတွေလည်း အများကြီးမပါဘူး။ ရွာကို မီးရှို့နေတာကို အဝေးကနေပဲ လှမ်းကြည့်နေရတယ်။ မနေ့က ရှားတောကိုရှို့တော့ အခုတော့ ကျမတို့ရွာအလှည့်ပေါ့" လို့ ရှားတောကျေးရွာက စစ်ဘေးရှောင် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကုက္ကိုလ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ဝန်းကျင် နေထိုင်ပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းက တင်သားကျေးရွာအုပ်စုဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ကျေးရွာကဒေသခံ နေအိမ်တွေကိုလည်း ရွာစဉ်ထိုး မီးရှို့ဖျက်ဆီးနေပါတယ်။
စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၃ လဝန်းကျင် ရှိနေပြီလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာကိုလည်း မေ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ညနေ ၃ နာရီကျော်ကတည်းက ညောင်ကားယားရွာမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတာဖြစ်ပြီး ညနေ ၆ နာရီကျော်မှာ နေအိမ်တွေ မီးရှို့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီကောင်တွေ ဒီဘက်ကို ကားနဲ့ မလာရဲဘူး။ ခြေလျင်လာတာ။ လာရင်လည်း တယောက်နဲ့တယောက် အကျဲကြီးတွေ လျှောက်လာတာ။ ညောင်ကားယားကို ဝင်တာ ညနေ ၃ နာရီကျော်ကတည်းက။ အင်အားမရှိဘူးဆိုရင် ၇၀၊ ၈၀ ရှိမယ်။ ဒီည အဲဒီမှာ အိပ်မယ်ထင်တယ်။”
ရွာမှာ စစ်ကောင်စီတပ်သားများ ဝင်ရောက်ကတည်းက သက်ကြီးရွယ်အိုတွေကလွဲပြီး ကျန်သူတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ညောင်ကားယားရွာမှာ ညပိုင်းအထိ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် နေအိမ် ဘယ်နှလုံး မီးလောင် ဆုံးရှုံးတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။