ပြီးခဲ့တဲ့ မေ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆု ဘတ် ၆ သန်း ပေါက်ဂဏန်း ၁၅၅၀၁၂ ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား မိသား ၂ စုလည်း ပေါက်သွားခဲ့ပါတယ်။
ပထမမိသားစုမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်ရှိ လိမ္မော်ခြံတခြံက အလုပ်သမား ဖြစ်ပါတယ်။
ထီပေါက်သူမှာ နန်းဖိုင်း ခမ်းဖီးဆိုသူ ရှမ်းအလုပ်သမား ၁ ဦးဖြစ်ပြီး စိတ်ထားကောင်းတဲ့ အလုပ်ရှင်က ရဲဖှန်ရဲစခန်းမှာ လာရောက်သတင်းပို့ပေးခဲ့တဲ့အပြင် သူတို့အတွက် ဘဏ်စာရင်းဖွင့်ပြီး ဆုငွေပါ ထုတ်ပေးခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
လူမှုကွန်ရက်မှာတော့ နန်းဖိုင်းတို့ မိသားစုဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးအွန်ကျေးရွာက လာတယ်လို့ ဆိုကြပါတယ်။
ထိုင်းထီ ပထမဆု ၆ သန်းပေါက်တဲ့ နောက်မိသားတစုကတော့ မွန်ပြည်နယ် မုဒုံမြို့နယ် ဝက်တဲကျေးရွာက မိသားတစုဖြစ်ကြောင်း Yarmanya Times မှာ ဖော်ပြပါတယ်။
သူတို့မိသားစုနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရဘဲ လူမှုကွန်ရက်သတင်းအရ ထိုင်းမှာ ပန်းရံအလုပ် လာလုပ်နေတာလို့ သိရပါတယ်။