Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့ မြန်မာကုန်ကားများ ဝင်ခွင့်ပြု
DVB
·
May 18, 2022
Kyin San Kyawt Gate Myanmar Container
Kyin San Kyawt Gate Myanmar Containers

တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ - မန့်မိုင် (ဝမ်တိန်) ဂိတ်ကနေ မြန်မာကုန်ကားတွေကို တရုတ်နိုင်ငံအတွင်း မေလ ၁၆ ရက်ကစ ဝင်ထွက်ခွင့် ပြန်ပေးလိုက်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မေ ၁၆ ရက်နေ့က ဝင်ထွက်ခွင့် ပြုထားပေမယ့် မေ ၁၇ ရက်နေ့မှ စဝင်ကြောင်း မြန်မာကုန်သည်တဦးက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ကို တရုတ်ဘက်က တရုတ်ခေါက်တို အစားထိုးယာဉ်မောင်း (ရှန်တိန်) နဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့  ကန့်သတ်ထားတာကြောင့် မြန်မာယာဉ်မောင်းတွေက ကျင်စန်းကျော့မှာ နေခဲ့ရမှာဖြစ်ပြီး မြန်မာကား‌တွေကို ရှန်တိန်တွေနဲ့ မောင်းသွားရမှာဖြစ်ကာ ကုန်ချိန်းဖို့ မလိုတော့ဘဲ ကုန်ချပြီးရင် တရုတ်ဘက်က ကုန်တင်ပြီး ရှန်တိန် ယာဉ်မောင်းတွေနဲ့ပဲ မြန်မာဘက်ထဲ ပြန်ဝင်လာမယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

အရင်က မြန်မာကုန်တင်ယာဉ်တွေ တိုက်ရိုက်ဝင်မရလို့ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ဖို့ တရုတ်ကုန်တင် အငှားကား ခေါက်တိုခတွေ စျေးနှုန်းမြင့်ခဲ့ပြီး အခုလို မြန်မာကုန်တင်ကားတွေ ဝင်ထွက်ခွင့်ပြုလိုက်လို့ တရုတ် ကားငှားခ ဈေးကျသွားတဲ့အပြင် ကုန်ကျစရိတ် သက်သာသွားနိုင်တယ်လို့ မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အများကြီး လွယ်ကူသွားတာပေါ့။ အရင်က ကျင်းစန်းကျော့ကနေ ခေါက်တိုကားခ ကား ၁ စီး ယွမ် ၂ သောင်း ၃ သောင်း ပေးရတယ်လေ။ ဒီနေ့ဆိုရင် ခေါက်တိုခက ယွမ် ၈၀၀၀ ထိ ကျသွားပြီ။ ခေါက်တို ကျသွားပြီ။ ပထမ အချက်တော့ ပစ္စည်း အပျက်အစီးပေါ့။ နောက် တချက်တော့ ခေါက်တိုခတွေ ဘာတွေ သက်သာတာပေါ့။” 

မြန်မာကုန်ကားတွေ အဝင်အထွက် လွယ်ကူသွားပြီး ဈေးနှုန်းတွေ သက်သက်သာသာနဲ့ သယ်ယူပို့ဆောင်နိုင်တာကြောင့် ကုန်ဈေးနှုန်းတွေ ကျသွားမယ်လို့ ကုန်သည်လုပ်ငန်း‌ရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့ကစပြီး တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ပိတ်ခဲ့ရာ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ ဂိတ်ပြန်ဖွင့်ခဲ့ပေမယ့် မြန်မာကုန်တင်ကားတွေကို တိုက်ရိုက်ဝင်ခွင့်မပြုဘဲ တရုတ် အငှားကုန်တင်ကားတွေနဲ့သာ ဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့တာပါ။

တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ မန်ဝိန်း-ကျယ်ဂေါင်ဂိတ်၊  နန်းတော်-ကျယ်ဂေါင်ဂိတ်၊ ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်တွေကို ၂၀၂၀ ဧပြီလကတည်းက ပိတ်ထားခဲ့ပြီး နန်းတော် ဂိန် ကနေတော့ မြန်မာ ပြည်တော်ပြန်တွေကို ထွက်ခွင့်ပြုခဲ့ကာ ကြူကုတ်(ပန်ဆိုင်း) - ဝမ်တိန်ဂိတ်ကိုတော့ ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့ကစ ဒီနေ့ထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

ကျင်းစန်းကျော့-မန့်မိုင် (ဝမ်တိန်) ဂိတ်ကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်းကစ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တရုတ်ကုန်တင်ကားနဲ့သာ ကုန်စည်တင်ပို့၊ တင်သွင်းခွင့် ပြုခဲ့ရာကနေ မေလ ၁၆ ရက်နေ့ကစ မြန်မာကုန်တင်ကားတွေကို ပြန်လည်ဝင်ထွက်ခွင့်ပြုလိုက်တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013