Home
မြန်မာသတင်း
ပခုက္ကူမြို့က နယ်ထိန်းရဲ နေအိမ် ဗုံးပေါက်၊ မိခင်နှင့် အစ်ကိုဖြစ်သူ ပစ်သတ်ခံရ
DVB
·
May 17, 2022
281658075_972243603349671_8657353450666104825_n

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ဗိုလ်ချုပ်လမ်းနဲ့ ဖောင်တော်ဦးလမ်းထောင့်က စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ နယ်ထိန်း ဦးမျိုးကိုကိုချစ်ရဲ့ နေအိမ်မှာ မေ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး နယ်ထိန်းရဲ့ မိခင်နဲ့ အစ်ကိုဖြစ်သူ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူဒေသခံတစ်ဦးက “ပထမအရင် ဗုံးပေါက်တယ်။ ပြီးမှ ပစ်ခတ်သံတွေ ကြားရတာ။ အိမ်ထဲမှာ ဒါန်းစီးနေတုန်း ပစ်သတ်သွားတာလို့ သိရတယ်” လို့ ဆိုပါတယ်။ 

နယ်ထိန်းဦးမျိုးကိုကိုချစ်က အခုလက်ရှိ မြိုင်မှာ တာဝန်ကျနေတာဖြစ်ပြီး ပခုက္ကူမြို့ကနေ ပြီးခဲ့တဲ့လကမှ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်လို့  ပေါက်ကွဲမှုဖြစ်ချိန်မှာ နေအိမ်မှာ ရှိမနေဘူးလို့ သိရပါတယ်။ 

နယ်ထိန်း မျိုးကိုကိုချစ်ရဲ့ မိခင်နဲ့ အစ်ကိုဖြစ်သူကတော့ ပစ်သတ်ခံရပြီးနောက် လူမှုကူညီရေးအသင်းကားနဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါပစ်ခတ်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ PKU Ranger မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူကို စော်ကားနှိပ်စက်နေတဲ့၊ ပခုက္ကူမြို့ကို မထီမဲ့မြင်ပြုလုပ် ဗိုလ်ကျနေတဲ့ နယ်ထိန်း  မျိုးကိုကိုချစ်ကို သတင်းအရ ဝင်ရောက်ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမဲ့  မတွေ့ရှိလို့ မိသားစုဝင် ၂ ဦးကို ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

ပခုက္ကူမြို့မှာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်တဲ့အပြင် ပြည်သူပိုင်နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာတွေကို စစ်ကောင်စီတပ်က ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024