Home
မြန်မာသတင်း
ပခုက္ကူမြို့က သံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်
DVB
·
July 29, 2024

ရွှေဝါရောင်သံဃာ့အရေးအခင်း စတင်ခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့က ထေရ်ကြီးဝါကြီး သံဃာတော်တွေဟာ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်ကြီးတပါးက “ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ကြတယ်ဆိုတာ အကြောင်းမဲ့ပြုလုပ်နေကြတာ မဟုတ်ပါဘူး။ ရဟန်းတော်တွေကို ဘေးတွေ့အောင် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကို သပိတ်မှောက်ကံဆောင်ကြခြင်း ဖြစ်ပါတယ်” လို့ DVB ကို မိန့်ကြားပါတယ်။

​နအဖ အစိုးရလက်ထက် လောင်စာဆီစျေးနှုန်း မြင့်တက်မှုကြောင့် ၂၀၀၇ စက်တင်ဘာလမှာ ပခုက္ကူမြို့က သံဃာတော်တွေဟာ လမ်းပေါ်ထွက်ပြီး စတင်ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်တပ်က ဆန္ဒပြတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက်ပြီး ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီးတဲ့နောက် မန္တလေးနဲ့ ရန်ကုန်မြို့ကြီးများ အပါအဝင် မြို့နယ်အသီးသီးက သံဃာတော်တွေဟာ နအဖအစိုးရကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြပါသေးတယ်။

“ပခုက္ကူမြို့ဟာ သမိုင်းအစဥ်အလာရှိခဲ့တဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ၂၀၀၇ တုန်းက လောင်စာဆီဈေးနှုန်း မြင့်တက်လို့ ဒီမြို့ကသံဃာတော်တွေဟာ ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို နအဖအစိုးရစစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ တကြိမ် ကံဆောင်ခဲ့တယ်။ အခုလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးနိမိတ္တာရုံကျောင်း ဆရာတော်ကြီးအထိ လက်ရဲဇက်ရဲ သတ်ဖြတ်လာခဲ့တယ်။ ဒါကြောင့်မို့ ဘုရားရှင်ခွင့်ပြုခဲ့တဲ့အတိုင်း ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြတာပါ။ ဘုရားရှင် ပညတ်တော်မူခဲ့တဲ့ ဝိနည်းတော်တွေကို လေးစားတဲ့ ရဟန်းတော်တွေအနေနဲ့ အခုအချိန်မှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သင့်ပါတယ်လို့ အကြံပြုလိုတာပါ” လို့လည်း စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ထားတဲ့ ပခုက္ကူမြို့က ရဟန်းတပါးက မိန့်ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက် မနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်က သံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြပါသေးတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်က ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှု စတင်ပြီး ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထားဝယ်၊ ပေါက်၊ ရေဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ကနီ၊ သရက်ချောင်း၊ မန္တလေး၊ မြောင်နဲ့ ထီးလင်းမြို့နယ်တွေက ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတာ မြို့နယ်ပေါင်း ၂၃ မြို့နယ်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024