ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းက လူငယ် ၃ ဦးကို ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းမှာ မေလ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်က ပြောပါတယ်။
ဖမ်းဆီးခံလိုက်တဲ့ လူငယ် ၃ ဦးမှာ ရသေ့တောင်မြို့ကနေ ပုဏ္ဏားကျွန်းမြို့ကို သွားရောက်စဥ် လမ်းမှာ ဖမ်းဆီးခံရတာလို့ အဖမ်းခံထားရတဲ့ မောင်အောင်မျိုးခန့်ရဲ့ မိခင် ဒေါ်ခင်ဝင်းနွယ်က ပြောပါတယ်။
“မနေ့က နေ့လယ် ၁ နာရီလောက်ကနေ ကျမသားလေးအပါအဝင် ၃ ယောက်က ဆိုင်ကယ်တစီးနဲ့ ထွက်သွားကြတာ။ ညနေ ၄ နာရီလောက်မှာတော့ သားဆီက ဖုန်းဝင်လာပြီး သူတို့ကို စစ်သားတွေ ဖမ်းထားတယ်ဆိုပြီးပြောတယ်။ ဘယ်မှာဖမ်းထားတယ် ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိလိုက်ရဘူး” လို့ ပြောပါတယ်။
အခု ဖမ်းဆီးခံထားထားတဲ့ လူငယ် ၃ ဦးမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက မောင်မောင်ညို (၁၇) နှစ်၊ ရသေ့တောင်မြို့နယ် လှိုင်ဂွင်ကျေးရွာက မောင်နေထက်ဦး (၁၈) နှစ်နဲ့ ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာက မောင်အောင်မျိုးခန့် (၁၆) နှစ်တို့ ဖြစ်ကြပါတယ်။
ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်း လက်ဝဲစာတိုက်ကျေးရွာ၊ ပိန္နဲတောကျေးရွာနဲ့ ဖက်ကျကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကားတွေကို စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပေါ်နိုင်တာကြောင်း စစ်ကောင်စီ တပ်စခန်းအနီးမသွားရောက်ကြဖို့ မေ ၁၅ ရက်နေ့မှာ ရက္ခိုင်တပ်တော်(အေအေ)က ရခိုင်ပြည်သူတွေကို ကြေညာချက်ထုတ်ပြန် အသိပေးထားပါတယ်။