ဖိနှိပ်သူ လူတန်းစားတွေဟာ သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့၊ အာဏာသက်ဆိုးရှည်ဖို့အတွက် ဆိုရင် အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို ရုပ်ပိုင်းအရရော၊ အတွေးအခေါ်ပိုင်းအရပါ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်လေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုဆိုတာက လက်နက်ကိုင်တပ်တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး၊ အကျဉ်းထောင်နဲ့ တရားရုံး စသည်တို့ကို အသုံးပြုပြီး ဖိနှိပ်တာပဲ ဖြစ်ပါတယ်။
အခု စစ်အာဏာရှင်တွေကို ကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ စစ်တပ်နဲ့ ရဲကို အသုံးပြုပြီး ပြည်သူလူထုအပေါ်မှာ မတရားသဖြင့် ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ ပစ်သတ်တယ်။ အဲဒီအင်အားစုတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို ဓားပြတိုက်၊ ခိုးယူ၊ သိမ်းယူပါတယ်။ ရွာတွေမှာ ဆိုရင်လည်း ရွာလုံးကျွတ် မီးတိုက်တယ်။ ရက်ရက်စက်စက် မီးရှို့ သတ်ဖြတ်ပါတယ်။ နောက်ပြီး ထောက်လှမ်းရေးလို့ ခေါ်တဲ့ ဒလန်တွေကို နေရာအနှံ့ချထားပြီး ရသမျှ သတင်းနှိုက်တယ်။ စုံစမ်းပါတယ်။ ဖိနှိပ်သူ စစ်အာဏာရှင်တွေရဲ့ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ပြည်သူလူထုကို ခေါင်းမဖော်နိုင်ဘဲ ကြောက်ရွံ့သွားအောင် လုပ်ဆောင်ကြပါတာပဲ ဖြစ်ပါတယ်။ အဲဒီလိုရုပ်ပိုင်းအရ ဖိနှိပ်မှုတွေအနက် သိမ်မွေ့တဲ့၊ တရားဝင်သယောင်ရှိတဲ့ အများပြည်သူအကြား အကြောက်တရားကို တဖြည်းဖြည်းချင်း စိမ့်ဝင်အောင်လုပ်တဲ့ ဖိနှိပ်မှုတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ လက်အောက်ခံ ရုပ်သေးတရားရုံးတွေပဲ ဖြစ်ပါတယ်။ အတိအကျ ဆိုရရင်တော့ ၂၀၀၈ ခြေဥအောက်က တရားရုံးတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့၊ ၂၀၀၈ ခြေဥအရ တည်ထောင်ထားတဲ့ အဲဒီတရားရုံးတွေဟာ ဒီကာလမှ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးတာ မဟုတ်ပါဘူး။ ယခင် ပြည်သူ့အစိုးရ လက်ထက်မှာကတည်းက စစ်အာဏာရှင်တွေဝါ စစ်အုပ်စုရဲ့အကျိုးစီးပွားကို အကာအကွယ် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ တခြားတဖက်မှာတော့ နစ်နာသူ ပြည်သူတွေအတွက် တရားဥပဒေအရ ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ကြပါဘူး။ ပြစ်မှုတစ်ခု ဖြစ်မယ်။ အဲဒီမှာ အရပ်သားနဲ့ စစ်အုပ်စု အဖွဲ့ဝင်တွေ အငြင်းပွား မှုဖြစ်ကြတယ်ဆိုရင် အရပ်ဘက်တရားရုံးတွေအနေနဲ့ ၂၀၀၈ ခြေဥအရ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ် ဆိုတာတွေ ဘာတွေ နားမလည်ပါ။ သူတို့ စစ်ခုံရုံးကသာ စီရင်ပိုင်ခွင့်ရှိပါတယ်။ အဲဒီခုံရုံးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာလည်း အပြီးသတ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အင်းဒင်ရွာ လူသတ်မှု၊ သတင်းထောက် ကိုပါကြီးတို့ အမှုတွေက အကောင်းဆုံးသာဓကတွေပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် စစ်တပ်နဲ့ ဆက်နွှယ်တဲ့အမှုတွေမှာ ဆိုရင်လည်း အလားတူပါပဲ။
ဦးကိုနီ၊ ဗစ်တိုးရီးယား တို့လို ဟိုးလေးတကျော် တိုင်းသိပြည်သိ အမှုတွေမှာ ဆိုရင်လည်း ယခုချိန်ထိ တရားမျှတမှုဆိုတာ ပျောက်ကွယ်နေတုန်းပါ။ ကျန်တဲ့ အလားတူ အမှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ စစ်အာဏာရှင်အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ခြေဥ အောက်က တရားရုံးတွေမှာ စစ်အုပ်စုတွေနဲ့ပတ်သက်လာရင် တရားစီရင်ရေးအခြေခံမူတွေ၊ တရားဥပဒေ ဆိုတာတွေကလည်း စကားလုံးသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။
အဲဒီလိုအခြေအနေရှိတဲ့ တရားရုံးတွေဟာ ပိုဆိုးရွားလာပါတော့တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ ဥပဒေရှေ့မှောက် တန်းတူညီမျှမှု စတဲ့ တရားစီရင်ရေးမူတွေကို ခွာချလာခဲ့ပါတော့တယ်။ ပြည်သူတရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံလို ပုဂ္ဂိုလ်ကအစ မတရားသဖြင့် ဖမ်းဆီး၊ ရုံးတင်စစ်ဆေးကာ စစ်အာဏာရှင် အလိုကျ ပြစ်ဒဏ်တွေချမှတ်လာပါတော့တယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတင် ယခင်အစိုးရ လက်ထက် အစိုးရအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးကို အဂတိအမှုတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်တွေပဲလား ဆိုတော့ မဟုတ်ပါဘူး။ သာမန်ပြည်သူတွေကိုလည်း အလားတူပါပဲ။ မတရားအာဏာသိမ်းထားပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ သူတို့ကို ဆန့်ကျင်ကြောင်း post တင်ရုံနဲ့တင် ဖမ်းဆီးပြီး ထောင်ဒဏ်တွေ ချပါတယ်။ ဒလန်တွေက တိုင်လို့ပဲ ဖြစ်ဖြစ်၊ သူတို့ဘာသာ လမ်းမှာ စစ်ဆေးလို့ပဲဖြစ်ဖြစ် သူတို့ကို ဆန့်ကျင်တယ်ထင်တာနဲ့ ဖမ်းပါတယ်။ ပြီးရင် ရဲလက်အပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတွေ စတာတွေအနက် တစ်ခုမဟုတ် တစ်ခုနဲ့ အမှုဖွင့်ခိုင်းပါတယ်။ စစ်ကြောရေးဆိုတဲ့ ညှဉ်းပန်းနှိပ်စက်ရေး ငရဲခန်းမှာ သူတို့လိုချင်တဲ့ အချက်တွေ မရရအောင် ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအဓမ္မ ထွက်ချက်တွေ ယူပါတယ်။ တရားခွင်မှာ ဆိုရင်လည်း စွပ်စွဲခံရသူဘက်က ချေပခွင့် ရချင်လည်းရတယ်။ ရချင်မှလည်း ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် တရားရုံးတွေက စစ်အာဏာရှင်အလိုကျ လီဆယ်ကာ၊ ညှဉ်းပန်းနှိပ်စက်ကာ ရယူထားတဲ့ လုပ်ကြံသက်သေ အထောက်အထားတွေကို ကိုးကားပြီး အပြစ်မရှိသူတွေကို ထောင်ဒဏ်ချပါတော့တယ်။ ၂၀၀၈ အခြေခံဥပဒေအောက်က တရားစီရင်ရေးဟာ ယခင်အစိုးရလက်ထက်မှာ ယိုင်နဲ့နေရာကနေ ယခု ကာလမှာတော့ လုံးဝ ပျက်စီးသွားပါတော့တယ်။
တူရကီစကားပုံတစ်ခုအတိုင်း ပြောရရင် အကြမ်းဖက်မှုဟာ အိမ်အတွင်း ဝင်ရောက်လာတဲ့အခါ ဥပဒေနဲ့ တရားမျှတမှုတွေဟာ အိမ်ရဲ့ခေါင်းတိုင်ကနေ ဒရောသောပါး ထွက်ပြေးကြရပါတော့တယ် တဲ့။
တရားရုံးတွေဟာ အဲဒီလို စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်သဖွယ် ဖြစ်သွားတာဟာ ယခုခေတ်မှ မဟုတ်ပါဘူး။ ၂၀ ရာစု အာဏာရှင် ဟစ်တလာလက်ထက်မှာလည်း တရားရုံးတွေ၊ တရားစီရင်ရေးတွေဟာ အာဏာရှင်တွေကိုပဲ အကျိုးပြုခဲ့တဲ့ ယန္တရားတွေ ဖြစ်ခဲ့ပါတယ်။
၁၉၃၃ မှာ ဟစ်တလာ အာဏာရလာပါတယ်။ နောက်တစ်နှစ် ၁၉၃၄ မှာတော့ ပြည်သူ့တရားရုံး ဆိုပြီး တရားရုံးတစ်ခုကို တည်ထောင်လိုက်ပါတယ်။ သူ အာဏာမရခင်တုန်းက ဂျာမန်လွှတ်တော် မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအမှုမှာ စွပ်စွဲခံရသူ ငါးယောက်အနက် Van der lubbe ကလွဲလို့ ကျန်သူတွေအားလုံး (ကွန်မြူနစ်တွေ) လွတ်မြောက်ခဲ့တယ်။ ဟစ်တလာက ဒါကို လုံးဝ မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့် သူ အာဏာရလာတဲ့အခါမှာ “ပြည်သူ့တရားရုံး”လိုမျိုး ရုံးကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ “ပြည်သူ့တရားရုံး”ဟာ အဓိကအားဖြင့် နိုင်ငံရေးအမှုတွေကိုပဲ စစ်ဆေးပါတယ်။ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော်သစ္စာဖောက်ရန် ပြင်ဆင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရန်သူကို အားပေးထောက်ခံမှု စတဲ့ အမှုမှန်သမျှကို စစ်ဆေးစီရင်ပါတယ်။ ပြည်သူတစ်ယောက်က ဟစ်တလာနဲ့ ပတ်သတ်ပြီး ဝေဖန်ရင်၊ ပြက်လုံးထုတ်ရင်၊ ရန်သူအကျဉ်းသားကို ပေါင်မုန့်တစ်ချပ် ပေးမိရင်၊ ဟစ်တလာအတွက် တိုက်နေတဲ့ စစ်ကို ဝေဖန်ရင်၊ တပ်သားတွေကို ဟစ်တလာအတွက် ထပ်တိုက်မပေးဖို့ လှုံ့ဆော်ရင် ပုဒ်ထီး၊ ပုဒ်မအမျိုးမျိုး တပ်ကာ တရားစွဲ ထောင်ချပါတော့တယ်။
တရားခွင် လုပ်ထုံးလုပ်နည်းတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့ မသင်္ကာတဲ့ သာမန် ပြည်သူ တစ်ယောက်ကို ဖမ်းပြီးတာနဲ့ စွဲချက်တင်မယ်၊ လုပ်ကြံထားတဲ့ သက်သေတွေကို တင်ပြပြီး တဖက်သတ် စွပ်စွဲမယ်။ စွပ်စွဲခံရသူကိုလည်း လိုတိုရှင်းပဲ ဖြေခိုင်းတယ်။ ပြည့်ပြည့်စုံစုံ လျှောက်လဲခွင့်မပေး။ မပေးတဲ့အပြင် စွပ်စွဲခံရသူတွေကိုလည်း ဂုဏ်သိက္ခာပိုင်းအရ အရှက်ရအောင်၊ ကြိမ်မောင်းအော်ဟစ်တာတွေလည်း ပြုလုပ်ပါတယ်။ တချို့ကိုသာ ရှေ့နေ ငှားရမ်းခွင့်ပေးပြီး အများစုကိုတော့ ငှားရမ်းခွင့်မပေး။ ငှားရမ်းခွင့်ရတဲ့သူတွေမှာလည်း ရှေ့နေက ဘာမှ ထိထိရောက်ရောက် ချေပလို့မရ။ အချိန်တန်တော့ အထက်မိန့်အရ ဆိုပြီး ၁၁ မျက်နှာနီးပါး ရှိတဲ့ စီရင်ချက်ကို တရားသူကြီး ဆိုသူက ဖတ်ပြပြီးသကာလ ထောင်ဒဏ်တွေ ချမှတ်ပါတော့တယ်။ အဲဒီလို တဖက်စောင်းနင်း တရားခွင်စစ်ဆေးမှုတွေအနက် ၂၀၊ ဇူလိုင် ၁၉၄၄ က ဟစ်တလာကို လုပ်ကြံတဲ့ အမှုကတော့ အထင်ရှားဆုံး ဖြစ်ပါပေတယ်။
နာဇီတွေရဲ့ တရားစီရင်ရေးအပေါ်၊ ဥပဒေအပေါ် ရှုမြင်ပုံကို အာဏာရှင် ဟစ်တလာ၊ ဝါဒဖြန့်ချိရေး ဝန်ကြီး ဂျိုးဇက်ဂိုဘယ် တို့ရဲ့ မိန့်ခွန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ၁၉၃၃၊ မတ်လ ၂၃ ဂျာမန်လွှတ်တော်ကို မိန့်ခွန်းပြောကြားရာမှာ ဟစ်တလာက “ကျုပ်တို့ တရားစီရင်ရေးရဲ့ ဦးဆုံးတာဝန်ဟာ ဂျာမန်လူမျိုးတွေ စဉ်ဆက်မပြတ် တည်ရှိနိုင်ရေးအတွက် ဦးလည်မသုန် ထမ်းဆောင်ပေးကြဖို့ပဲ ဖြစ်တယ်” တဲ့။ အလားတူ ဂျိုးဇက် ဂိုဘယ် ရဲ့ ၁၉၄၂ ဇူလိုင် ၂၂ မှာ ပြည်သူ့တရားရုံးကို ပြောတဲ့ မိန့်ခွန်းမှာလည်း ဂိုဘယ် က “တရားသူကြီးတွေအနေနဲ့ ခင်ဗျားတို့ရဲ့ အရင်တုန်းကအတိုင်း စဉ်းစားတာမျိုးတွေကို ပြောင်းလဲပစ်လိုက်ကြပါ။ ဗိုလ်ချုပ်တွေကို ဖြုတ်ပစ်သလို တရားသူကြီးတွေကိုလည်း ကျုပ်တို့ ဖယ်ရှားပစ်နိုင်ပါတယ်။ တရားခံဆိုတာ လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ပစ်ရမယ့် မကောင်းဆိုးဝါးတွေဆိုတာ ခင်ဗျားတို့ သတိပြုစေလိုပါတယ်။..... ယနေ့အချိန်ဟာ စစ်ဖြစ်နေတဲ့ကာလ ဖြစ်တာကြောင့် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားတယ်၊ မတရားဘူးဆိုတာ အရေးမကြီးပါဘူး။ ပြစ်ဒဏ်ကျခံရသူတွေကို ပြန်လည်ပြုပြင်ဖို့ ဆိုတာတွေက ခင်ဗျားတို့ရဲ့ အဓိကအလုပ် မဟုတ်ပါဘူး။ ဥပဒေရဲ့အလုပ်၊ တရားစီရင်ရေးရဲ့ အဓိကအလုပ်ဟာ အဖ ဂျာမနီ အင်ပါယာကြီးနဲ့ ခေါင်းဆောင်ကြီး ဟစ်တလာကို အလုပ်အကျွေးပြုဖို့သာလျှင် ဖြစ်ပါတယ်။” သူတို့ ပြောစကားတွေနဲ့ ထပ်တူကျအောင် လက်တွေ့မှာလည်း ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ပါတယ်။ မှတ်တမ်းတွေ အဆိုအရ စတင်တည်ထောင်တဲ့ ၁၉၃၄ ကနေ မဟာမိတ်တပ်တွေ ဗုံးကြဲချခံလိုက်ရတဲ့ ၁၉၄၅ အတွင်း ပြည်သူ့တရားရုံးဆိုတာဟာ လူပေါင်း ၁၀၉၈၀ ကို ထောင်ဒဏ်ချခဲ့ပြီး ၅၁၉၁ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ နာဇီတွေ လက်ထက်မှာ တရားရုံးဆိုတာဟာ နာဇီတွေ အလိုကျ လုပ်ကိုင်ဆောင်ရွက်ရတဲ့ ရုပ်သေးတရားရုံးတွေထက် ဘာမှ မပိုတော့ပါဘူး။
ယခုဆို ရာစုနှစ်တစ်ခုနီးပါး ကြာလာခဲ့ပါပြီ။ အဲဒီလို ကြာလာခဲ့ပေမယ့် အာဏာရှင်တွေရဲ့ အကျင့်စရိုက်တွေ လုပ်နည်းလုပ်ဟန်တွေဟာ ပပျောက်မသွားသေးပါဘူး။ ဆက်လက် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အာဏာ တည်မြဲဖို့၊ သက်ဆိုးရှည်ကြာစွာ အုပ်ချုပ်ဖို့အတွက် ဆိုရင် ပြည်သူလူထုကို နည်းပေါင်းစုံနဲ့ ပိပြားအောင် နှိပ်ကွပ်တဲ့နေရာမှာ အတူတူပါပဲ။
လက်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင်လက်အောက်ခံ တရားရုံးတွေဟာလည်း နာဇီခေတ်ကလို ပုံပျက်ပန်းပျက် မဖြစ်သေးသည့်တိုင်အောင် အနှစ်သာရအားဖြင့်တော့ စစ်အာဏာရှင်အလိုကျ ကပြနေရတဲ့ ရုပ်သေးတရားရုံးတွေအဖြစ် တည်ရှိလို့နေပါပြီ။
နိဂုံးချုပ်ရရင်တော့ အာဏာရှင်တွေခေတ်မှာ တရားရုံးဆိုတာဟာ ပြည်သူကို ဖိနှိပ်တဲ့ ယန္တရားတစ်ခုထက် မပိုကြောင်းပါ။
တင်ဦး