Home
ဆောင်းပါး
ဓမ္မသည်သာ
DVB
·
August 6, 2024
Design-DVB

အမှားကြီးစိုး၊ ကာလဆိုးကို

ဖွင့်ထိုး ဖောက်ကာ၊ တော်လှန်ရာမှ

အဓမ္မပျောက်၊ ဓမ္မသည်သာ

အောင်နိုင်ပါမည်တကား။ ။

လူတွေဟာ မတန်မရာတွေကို ရချင်လာတဲ့အခါ မထော်မနန်းတွေလုပ်လို့ အဖော်အပေါင်းတွေ နဲ့အတူတကွ ပရမ်းပတာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်နေရာရဖို့ ကိုယ့်ဥပဒေ ကိုယ်ဖျက်၊ ကိုယ်ဘာသာ သက်တမ်းတိုးနေရတာလည်း အတော်ကို ခွကျလှပါတယ်။ အဓမ္မနဲ့ အတင်းကာရော ပြည်သူကို စော်ကား အာဏာသိမ်းပါတယ်ဆိုမှ ဒီမိုကရေစီလွှတ်တော်မှာ  သမ္မတက လုပ်‌ချင်သေးသတဲ့။ ဦးနှောက်ရောဂါရနေတဲ့ သမ္မတရုံးက ခန့်တဲ့ ယာယီသမ္မတတဲ့၊ တကယ်ကို အကွပ်မဲ့ကြမ်း ပရမ်းပတာတွေပါပဲ။ သူ့လူတွေ မထောက်ခံတာထား ကိုယ့်လူလည်း မထောက်ခံတာကို ဆိုရှယ်မီဒီယာ သုံးရင် သိနိုင်ပါရဲ့။ ပြောမယ့် သတိပေးမယ့်လူမရှိ တဖွဲ့လုံး ထမင်းလွတ် ဟင်းလွတ်ပါပဲ။ အိုဘယ် မဟာ  မြန်မာပြည်။ ဒီအခြေအနေတွေကို ကျမတို့ တကယ်ပဲ ကျော်လွှားနိုင်ကြမှာပါ။ သေချာပါတယ်။ ကျမတို့ ပန်းတိုင်ရောက်ကို ရောက်မှာပါ။ တဆင့်ထက်တဆင့်ပိုမြင့်လာတဲ့ အောင်မြင်မှုတွေကို ကျမတို့မြင်တွေ့လာနေရပါပြီ။ ဓမ္မသည်သာ အသာစီးရနေပြီး မကြာမီ အနိုင်ရတော့မှာ အသေအချာပါပဲ။

ပြည်သူကို သူ့လို ကျပ်မပြည့်သူတွေပမာ လုပ်သမျှခံမယ်ထင်တာလည်း အတော်ကို မိုက်မဲလွန်းပါတယ်။ မိဘသင်ပြမှုမရခဲ့ရှာပါဘဲ  ဆေးကြောခံထားရတဲ့ ဦးနှောက်တွေစုပေါင်းကာ ပြည်ကို ဖျက်လို့ ပျက်လုမတတ်ပါပဲ။ အစ်မ၊ အစ်မ၊ အဘ၊ အဘနဲ့ ခိုးရသမျှ လက်မလွှတ်နိုင်။ ဘယ်သူသေပါစေ၊ ငတေ သမ္မတ ဖြစ်ရင် ဖြစ်ရော ဆိုနေသလိုပါပဲ။ မသေခင်စားရမယ့် စည်းစိမ်နဲ့အာဏာအတွက် ပြည်သူကို သတ်ဖို့၊ ရက်စက်ဖို့ ဝန်မလေးကြသူတွေရဲ့ ဘာသာတရားကလည်း သံသယရှိစရာပါပဲ။ ကိုယ့်လူမျိုး ကိုယ့်ပြည်သူကို ကိုယ်တိုင် အဆုံးစွန်ထိ  ပြန်ရက်စက်ပြီး အာဏာတည်မြဲဖို့ လုပ်ရက်ကြပါတယ်။ ကိုယ့်ရဲဘော်ကိုပင် အရေးကြုံချိန်တောင် ငတ်ပြတ်တဲ့အထိ ပစ်ထား၊ အခြေအနေမဟန်ရင် ကိုယ်တိုင် ပြန်လိုက်သတ်ကြသူတွေပါပဲ။ ထိုသူတွေက အသက်ဘေးကြောင့် ထွက်‌ပြေးကြတဲ့အခါ ရဲဘက် ရဲဘက် အသားကို ကင်စားပြီး ခရီးဆက်ကြပါသတဲ့။ ဟင်္သာ ကိုးသောင်းရဲ့ ပြုတ်ပြုတ်ပြုန်းပုံပြင်တွေပါပဲ။

လှံကို သို့ထား၊ ဓားကို သို့ငင်

သို့ဝင် သို့ထွက်၊ သို့တက် သို့ခွာ

စစ်ပညာကို၊ ကြေစွာတတ်မြောက်ကျွမ်းကျင်လည်း။

စစ်နည်းဗျုဟာ၊ ဘယ်လိုသာလည်း

စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်

ပြည်သူ့ခွန်အား၊ မကိုးစားသော်

ဓားသွားကျိုးကြွေ၊ လှံသွားခွေအံ့။ ။  

(အောင်သင်း)

အခုဆိုရင် ကမ္ဘာက မြန်မာမှာ အာဏာရှင်ဇာတ်သိမ်းခန်းကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မှာပါ။ လားရှိုးထောင်ကို ဖွင့်ပေးလိုက်တဲ့ တာဝန်ရှိသူရဲ့ လုပ်ရပ်ကို ကြည့်ရင် ဘယ်လိုပဲ ကြည့်ကြည့် အားတက်စရာတွေပါပဲ။ အပြစ်မဲ့ မတရားကျခံနေရသူတွေ လွတ်မြောက်လာကြတာ ရဲဘော် ရဲဘက်တွေအတွက် အားတက်ပြီးရင်းတက်ပါ။ ဒုတိုင်းမှူးအဆင့်အထိ  စစ်မြေပြင်မှာ အသက်ဘေးသင့်ရသလို စစ်တိုင်းမှူးတွေကိုယ်တိုင် ဆုပ်လည်း ဆူး၊ စားလည်း ရူးနေကြပါတယ်။ စစ်တိုင်းဌာနချုပ်တွေကိုယ်တိုင် လှုပ်လှုပ် ၊လှုပ်လှုပ် ပါပဲ။ အမှန်ဆိုပါက မန္တလေးနဲ့ အနီးဆုံးနေရာတောင် အာဏာရှင်စိုးမိုးမှု မရှိတော့ပါဘူး။ ရန်ကုန် မန္တလေး လမ်းဟောင်းပေါ်လို‌နေရာတွေတောင် အာဏာရှင်ဟာ ယနေ့အထိ နားရွက် တံတွေးဆွတ်ခံနေကြရပါတယ်။ သေချာပါတယ်။ မကြာမီ ကျမတို့ အိမ်ပြန်ရပါတော့မယ်။ ကျမတို့ မွေးရပ်မှာ ကိုယ်တိုင်ပြဋ္ဌာန်းတဲ့ ဘဝ အသစ်စက်စက်တွေကို လှပစွာ ထုဆစ်ကြရပါတော့မယ်။

ဘာပဲပြောပြော ဒီအခြေအနေတွေဟာ လွယ်လွယ်နဲ့ ရလာခဲ့တဲ့ သိကြားမင်း ဖန်ဆင်းတဲ့ ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ တာဝန်သိသူတွေရဲ့ အသက်၊ သွေး၊ ချွေး၊ စည်းစိမ်နဲ့ အနာဂတ်တွေ ရင်းခဲ့ကြရတာပါ။ ပြန်ရနိုင်တဲ့ ပေးဆပ်မှုတွေရှိသလို ပြန်မရနိုင်တဲ့ ပေးဆပ်မှုတွေကိုလည်း ကျမတို့ မေ့ထားလို့ မရနိုင်ကောင်းပါဘူး။ နေရဖို့ အတွက် မသေအောင်ကြိုးစားကြခဲ့ကြရပေမဲ့ ကျမတို့ဟာ ဘယ်နေရာရောက်ရောက်အတူတူပဲဆိုတာ အမြဲသတိရနေကြပါတယ်။ ကျမတို့မှာ ကျမတို့ပဲ ရှိတယ် ဆိုသလိုပေါ့။ ရောက်ရာနေရာမှာ ကျမတို့ တတ်နိုင်သမျှ တသားတည်း နေနေကြပါတယ်။ ချွေတာနေကြတာက ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူနဲ့ တသားတည်း ဖြစ်ကြောင်းပြသနေတာပါ။ ရတဲ့အချိန်တိုင်း နိုင်ငံအရေး တပြေးညီသိဖို့ ကြိုးစားနေကြတာကလည်း ပြည်သူနဲ့ တသားတည်း ဖြစ်ကြောင်း ပြသနေတာပါ။ ပန်းတိုင်တူရဲ့ ရဲဘော်ရဲဘက်တွေဟာ တူညီတဲ့စိတ်နဲ့ အမြဲ့ ကြံ့ကြံ့ခံပြီး တသားတည်း ရပ်တည်နေကြတယ်။

ခြုံပြောရမယ်ဆိုရင် စေတနာမှန်သူနဲ့ စေတနာ မမှန်သူ ပြိုင်တဲ့အခါ စေတနာမမှန်သူဟာ ရှုံးရမှာပါပဲ။ ပြည်သူချစ်တဲ့ ခေါင်းဆောင်ကို ရဟတ်ယာဉ်လို အရာတွေနဲ့ အမှုဆင် စော်ကားခဲ့တာကြောင့် ခုဆို တစင်းပြီးတစင်းပျက်ကျပျက်စီးလာနေတာ မြင်တွေ့လာနေရပါတယ်။ အတောင့်တင်းဆုံး စစ်ဌာနချုပ်လို နေရာတောင် အညံ့ခံလာနေရပါပြီ။ တရုတ်နိုင်ငံရဲ့ မြန်မာပြည်တွင်းက စီးပွားရေးတွေတောင် ပြည်သူ့တပ်ဖွဲ့တွေကို အားကိုးလာနေတဲ့ အနေအထားပါ။ ရှေ့တန်းရဲဘော်တွေကို သပြေညိုနဲ့ ကြိုနေကြတဲ့ အမေအိုတွေရဲ့ အပြုံးတွေဟာ အင်မတန်လှပတဲ့ ပန်းချီကားတချပ်လိုပါပဲ။ မြန်မာပြည်အနှံ့ အောင်ပွဲတွေဟာ ပျံ့နှံ့ ကူးစက်လာနေပါတယ်။ ဒီလို မထင်မှတ်လောက်တဲ့ အောင်မြင်မှုတွေနဲ့အတူ ရောင်နီမျှော်ပြည်သူတွေရဲ့ ဆန္ဒ အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေ။ ။

သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013