ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ လမ်းပေါ် ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ် လုယက်မှုတွေနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ နေ့စဉ်လို ဖြစ်ပွားနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"အခုနောက်ပိုင်းပေါ့၊ ဒီလိုဖြစ်နေတာကြာပြီ၊ ဆိုင်ကယ်လုခံရလိုက်၊ ကားလုခံရလိုက်၊ ဖုန်းလုခံ ရလိုက်နဲ့ သတင်းတွေက နေ့တိုင်းကြားနေရတာ၊ မြစ်ကြီးနားမှာ ဆိုက်ကယ်၊ ဖုန်း တခုခု မပျောက်တဲ့နေကို မရှိသလိုပဲ။”
လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နဲ့ လက်ဆွဲအိတ်တွေ လုယက်ခံရမှုအများစုဟာ မြို့ပေါ်လမ်းမတွေနဲ့ လူပြတ်တဲ့ လမ်းကြားတွေမှာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ လမ်းပေါ်လုယက်မှုတွေအပါအဝင် နေအိမ်တွေကို ဖောက်ထွင်းပြီး ခိုးယူမှုတွေနဲ့ ကြုံတွေ့နေရသလို လူသူပြတ်တဲ့လမ်းတွေမှာ ဓားပြတိုက်တာတွေလည်း ရှိနေတယ်လို့ အိမ် ဖောက်ထွင်းခံရတဲ့ မြို့ခံတဦးက ပြောပါတယ်။
“ဒီတလော မိုးတွေ အရမ်းရွာတော့ ညဆိုရင် မိုးသံကလွဲပြီး ဘားမကြားတော့ဘူး။ ဟိုနေ့ည ကံကောင်းလို့ ဆိုင်ကယ် မပါသွားတာ။ မိုးသံကြောင့် ဘာမှမကြားရတော့ သူခိုးက သံဆန်ကာနဲ့ ခြံတံခါးကို ညှပ်ပြီးဖြတ်ထားပြီး အထဲတောင်ရောက်နေပြီ၊ လူကနှစ်ယောက်၊ အိမ်သာ ထသွားလို့ ကံကောင်းသွားတာ။ အခုက ကျနော့်အိမ်မှမဟုတ်ဘူး လမ်းပေါ် ဖျာလိုက်ရောင်းတဲ့သူတွေ၊ ပလတ်စတစ်ကောက်တဲ့သူတွေပါ လုခံရတာ။”
လုယက်တိုက်ခိုက်မှုတွေကြောင့် မတ် ၂၄ ရက်က ရမ်ပူရပ်ကွက်မှာ ပလတ်စတစ်ဘူးခွံတွေ ကောက်တဲ့ အမျိုးသမီး အသက်ဆုံးရှုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရှိတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။
လုယက်တိုက်တဲ့သူ အများစုဟာ လူပြတ်တဲ့ နေရာတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကိုအဓိကထား လုယက်ကြတယ်လို့ မြို့ခံတွေကနေ ပြောပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာ အခုလိုရာဇဝတ်မှုတွေများလာတာဟာ ဘိန်းကို အခြေခံတဲ့ မူးယစ်ဆေး သုံးစွဲသူတွေလည်း အများအပြားရှိနေတာကြောင့်လို့ ပြောဆိုသူတွေလည်း ရှိနေပါတယ်။