ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက တိုက်ထဲမှာပိတ်ပြီး အုပ်စုဖွဲ့ရိုက်တာမျိုးတွေရှိနေလို့ တိုင်ကြားပေမယ့် အရေးယူတာမျိုးတွေတော့ မရှိသေးဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ခုနောက်ပိုင်းတော်တော်ဆိုးလာတယ်။ ဧပြီလလောက်ကစပြီး ရိုက်တာတွေ၊ ကန်တာတွေလုပ်လာတာ သွားတိုင်လည်း အရေးမယူတော့ ပိုဆိုးလာတာ။ အခွင့်အရေးချိုးဖောက်ခံရတာတော့ ထောင်တိုင်းလိုလိုမှာ ရှိပါတယ်၊ ဒါပေမယ့် ခုအခြေအနေက တော်တော်ဆိုးတယ်” လို့ ထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာ ခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာတွေ အကန်ခံရတာတွေနဲ့ ပတ်သက်ပြီး အရေးယူမှုမရှိသလို ထောင်ဝန်ထမ်းတွေကလည်း လုပ်ပိုင်ခွင့်ကျော်လွန်ကာ လုပ်ဆောင်နေတာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၀၀ ကျော်ထိရှိနေပြီး မိသားစုက ထောင်ဝင်စာတွေ့ဖို့လည်း အခက်အခဲတွေရှိနေသေးတယ်လို့ သိရပါတယ်။