ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ မေလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲတွေနဲ့ သတင်းပေးတွေပေါင်းပြီး ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်ထဲက ကုလားစု၊ ငါးကြီးဂရက်၊ အောင်ဟိတ်နဲ့ ချောင်းဖျားကြီးကျေးရွာတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေရောက်လာပြီး သတင်းပေးတွေ လိုက်လံပြသတဲ့အိမ်တွေကို ငွေဝင်တောင်းတာတွေပြု လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“လာတာတော့ စစ်သားရော ရဲရောပါတယ်။ အရပ်ဝတ်နဲ့ သတင်းပေးတွေက အိမ်လိုက်ပြတယ်။ ရွာထဲက အိမ်တိုင်းကိုတောင်းတာမဟုတ်ဘူး၊ ပိုက်ဆံရှိတဲ့အိမ်တွေကို ရွေးဝင်တာ။ သူတို့က ဧည့်စာရင်းစစ်တဲ့ပုံစံမျိုး စာရွက် စာတမ်းတွေတောင်းပြီး ခြောက်လှန့်ပြီးတော့ ပိုက်ဆံတောင်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေက ပိုက်ဆံချမ်းသာတဲ့နေအိမ်တွေကို ဝင်ရောက်ပြီး ခြိမ်းခြောက်ကာ ဆက်ကြေးတောင်းတာကြောင့် အိမ် ၁ အိမ်ကို အနည်းဆုံး ၁ သိန်းခွဲကနေ အများဆုံး ၃ သိန်း ပေးရတဲ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ရဲတွေက ခုလိုမျိုး ကျေးရွာတွေမှာ လိုက်လံဆက်ကြေးကောက်ခံနေပေမယ့် မတိုင်ရဲလို့ ဒီတိုင်းငြိမ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။