တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ အပြစ်မဲ့ပြည်သူ ၃ ဦး ဒီနေ့မနက် ဖမ်းဆီးခံခဲ့ရပြီး ၁ ဦးကိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသ မိကျောင်းအိုင်ရပ်ကွက်မှ ကိုနီကိုဝင်း၊ စက်ကုန်းရပ်ကွက်က ကိုနိုင်ဦး၊ လှည်းကုန်းအမှတ် ၁ ရပ်ကွက်က ကိုစိုးသန်းထွန်းတို့ကို မေ ၁၆ ရက်နေ့ ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “လာဖမ်းတဲ့အချိန်မှာ ကားအသံတောင် မကြားလိုက်ရဘူး အိမ်ကိုအရင်လာဝိုင်းတယ်။ လူကိုဖမ်းပြီးမှ စစ်ကားတွေရောက်လာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လာဖမ်းတဲ့အချိန်မှာ ဧည့်စာရင်းလာစစ်တဲ့ ပုံစံမျိုးနဲ့လာပြီး လူဦးရေဘယ်နှယေက်ရှိလဲ မေးပြီးတာ နဲ့ ဖမ်းသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက ကိုနိုင်ဦးကိုတော့ ဒီနေ့မနက် ၃ နာရီခွဲ လောက် နေအိမ် ပြန်လာပို့သွားကြောင်း၊ ကျန် ၂ ဦးကိုတော့ ကံပေါက် မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုမေလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကံပေါက်က အပြစ်မဲ့ပြည်သူတွေကို ဧည့်စာရင်း အကြောင်းပြ၊ မူးယစ်ဆေးဝါးအကြောင်းပြနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။