တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် ယာယီအုပ်ချုပ်ရေးမှူး တယောက် ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ယာယီအုပ်ချုပ်ရေးမှူး ဦးလားလားဟာ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ကျင်းပတဲ့ အလှူပွဲမှာ ထမင်းစားပြီး ပြန်ထွက်လာစဥ် ကားနဲ့လာတဲ့ အမည်မသိ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဇာဒီရွာသားတစ်ဦးက "အလှူအိမ်နားမှာ ပစ်ခံရတော့ အလှူမှာရှိတဲ့လူတွေအကုန် အိမ် အနောက်ဘက်တွေ အကုန်ဝင်ပြေးကြတာ။ ဦးလားလားလည်း ပျောက်သွားတယ်။ သေနတ်သံ ကြားပြီး ခဏငြိမ်သွားမှသွားကြည့်တော့ မြောင်းထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေနေတယ်"လို့ ပြောပါတယ်။
ဦးလားလားရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ ကံပေါက်တိုက်နယ် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ရွာသားတွေဆီကသိရပါတယ်။
ဦးလားလားဟာ အာဏာသိမ်းပြီးနောက် ဇာဒီရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ဦး ရှောင်တိမ်းနေစဥ် ယာယီအုပ်ချုပ်ရေးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး အခုတကြိမ် ပစ်ခတ်ခံရမှုအပါအဝင် ဦးလားလား ပစ်ခတ်ခံနေရတာဟာ ၃ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
ဦးလားလားကို ဘာကြောင့်ပစ်ခတ်သတ်ဖြတ်ခဲ့တယ် ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း ဇာဒီရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီး ဦးအေးဟန်နဲ့ ဦးကြည်စိုးတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့ က ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။