ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမ၊ ခရေပင်လမ်းခွဲနဲ့ ၁၀၆ မှတ်တိုင်ကြားမှာ ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်က ကား နှစ်စီးတိုက်မိပြီး လူ ၃၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းက ပြောပါတယ်။
တညင်းကုန်းလမ်းဆုံဘက်ကနေ ခရေပင်လမ်းခွဲကို မောင်းနှင်လာတဲ့ ကွန်တိန်ကားနဲ့ ခရေပင်လမ်းခွဲမီးပွိုင့်ကို ကွေ့လာတဲ့ လူ ၃၂ ဦးပါ စက်ရုံဖယ်ရီ လိုက်ထရပ်ကားတို့ တိုက်မိကြတာ ဖြစ်ပါတယ်။
ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌက “တွဲကားနဲ့ ဖယ်ရီကားနဲ့ တိုက်တာပါ။ ခရေပင်လမ်းခွဲလမ်းမကြီးနဲ့ ၁၀၆ မှတ်တိုက်ကြားမှာပါ။ စက်ရုံကားကပဲ ထိခိုက်မိသွားတာ။ လူနာ ၃၂ ဦးပါ။ အမျိုးသမီး ၁ ဦးကတော့ ဦးခေါင်းထိခိုက်ထားပါတယ်”လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ဖယ်ရီကားပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၃၂ ဦးတို့မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အနက် အသက် ၃၀ အရွယ် အမျိုးသမီးမှာ ဦးခေါင်းထိခိုက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနေရာကို ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း၊ အခြားအရပ်ဖက်အသင်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ရောက်ရှိကူညီကယ်ဆယ်ခဲ့ပြီး ထိခိုက်မိသူတွေကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ဓာတ်ပုံ - ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း