တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မင်းသားကျေးရွာမှာ တရားမဝင် ခဲတူးဖော်နေတာတွေကြောင့် ဒေသခံရွာသားတွေ သောက်သုံးရေနဲ့ စိုက်ပျိုးသီးနှံ တွေအတွက် မှီခိုအားထားရတဲ့ ရေချိုချောင်းပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလလောက်ကစလို့ စီးပွားရေးလုပ်ငန်းရှင်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး တပိုင်တနိုင် ခဲမိုင်းလုပ်ကွက်တွေကို မင်းသားရွာတဝိုက်မှာ လုပ်လာကြတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စကစနဲ့ ရွာလူကြီးတွေနဲ့ပေါင်းပြီး တနိုတပိုင် လုပ်ကွက်တွေ ဖော်စားနေတာပါ။ ၂ လကျော်ပြီ လုပ်စားနေကြတာ။ မြစ်တလျှောက် ၅ မိုင်လောက် ရှိမယ်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မင်းသားရွာက ရေချိုချောင်း ပျက်စီးတာ ကြုံရတော့ စိုက်ပျိုးရေးလုပ်ငန်းလည်း ဘာမှမလုပ်ရတော့ဘူး” လို့ ပြောပါတယ်။
မင်းသားရွာအုပ်ချုပ်မှူးဆီ ခဲမိုင်းတူးဖော်တာရပ်တန့်ဖို့ ဖုန်းနဲ့ ဆက်သွယ်သတိပေးခဲ့ပေမဲ့ ဆက်လုပ်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင်ဒေသတွေမှာလည်း တရားမဝင်ခဲမိုင်းတူးဖော်တာတွေရှိနေတယ်လို့ သိရပါတယ်။
ဒေါနစစ်ကြောင်း တာဝန်ရှိသူကလည်း မင်းသားရွာမှာ စစ်ကောင်စီအလိုကျ လူအင်အား လိုက်လံစုဆောင်းနေတဲ့ မင်းသားရွာ ပြည်သူ့စစ် ၁၆ ယောက်ကိုလည်း စစ်ကောင်စီ လက်အောက်က အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။